စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၆ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော J-Fighter ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၂၅ နှစ် အရွယ် ကိုရှိုင်းကို ၊ အသက် ၂၄ နှစ်အရွယ် မစုမြတ်လင်း ၊ အသက် ၂ နှစ် အရွယ် ရွှေပုံစံ ၊ အသက် ၂၁ နှစ် အရွယ် မောင်မာင်ဝင်း နှင့် အသက် ၄၀ နှစ် အရွယ် ရန်နိုင်ဝင်း တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိပြီး နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ သတ်ဖြတ်သွားတာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင်ပြည်သူ ၅ ဦးသေဆုံးတယ်။ ဗုံးကနေအိမ်ပေါ် တည့်တည့်ကျတာ ထိခိုက်ဒဏ်ရာရတာလည်း ၅ ဦးလောက်ရှိတယ်။ ဒဏ်ရာရတဲ့ထဲမှာ မျက်လုံးကို မိုင်းထိမှန်တဲ့ ကလေးက စိုးရိမ်ရတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့သက်သက် ဗုံးကျဲ သတ်ဖြတ်တာပါ” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။







