21 C
Yangon

ကန့်ဘလူမြို့နယ် စပါယ်နံ့သာဂိတ်တွင် စစ်တပ်က ပြည်သူ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး ၄ ဦး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်၊ အခြားပြည်သူ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်လာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စပါယ်နံ့သာဂိတ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကာ ပြည်သူ ၄ ဦးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ဖားကန့် – တန့်ဆည်ပြေးဆွဲသည့် ကားများမှ ကားသမားအပါအဝင် ပြည်သူ ၁၁ ဦးကို စပါယ်နံ့သာဂိတ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများသည် တန့်ဆည်မြို့နယ်နေ ပြည်သူများ ဖြစ်ကြကြောင်း၊ အမျိုးသား ၉ ဦး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများသည် ဖားကန့်မြို့တွင် သွားရောက် လုပ်ကိုင်နေကြရာမှ နေရပ်ပြန်လာကြသူများ ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ကားပေါ်ပါ ပြည်သူများကို တန့်ဆည်သားများ အကုန်ဆင်းဟု ဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများကို လက်ပြန်ကြိုးတုပ်ရိုက်နှက် နှိပ်စက်ခြင်းအပါအဝင် နှိပ်စက်ခြင်းအမျိုးမျိုးလုပ်ဆောင်ကာ အစာအငတ်ထားကြောင်း ဖမ်းဆီးခံခဲ့ရရာမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောဆိုသည်။

“ဖားကန့်ကနေ ကျွန်တော်တို့ ဆင်းခဲ့တာ။ လမ်းမှာလည်း အိပ်ခဲ့တယ်။ စံပါယ်နံသာ ဂိတ်က ကျွန်တော်တို့ မှတ်ပုံတင်တွေ ဖုန်းတွေကို စစ်တာပေါ့။ သူတို့ တန်ပိုဂိတ်ကို ခေါ်သွားတယ်။ မြေးအဘွားတော့ ဘာမှ မလုပ်ဘူ။ မင်းတို့ တန့်ဆည်နယ်က PDF တွေ ချည်းပဲဆိုပြီး ယောကျားလေးတွေအကုန်လုံးကို လက်ပြန်ကြိုးတုပ်ပြီး ရိုက်တာ နှိပ်စက်တာ။ ဝါးရင်းတုတ်အစိုတွေနဲ့ ရိုက်တာ ။ ကြိုးဂေါက်တွေနဲ့ ရိုက်တယ်။ခြေထောက်တွေလည်း ကန်တယ်။ ထမင်းလည်း မကျွေးဘူး။ ရေလည်း မတိုက်ဘူး။ တစ်ယောက်ချင်းစီ စစ်တာ။ ဘယ်အဖွဲ့အစည်းနဲ့ ပူးပေါင်းလဲ၊ အမှန်အတိုင်းဖြေ မင်းတို့ ကောင်တွေ သတ်မှာဆိုမှာဆိုပြီး ခြိမ်းခြောက်တာပေါ့။ ကျွန်တော်တို့ ဖုန်းတွေလည်း စစ်တယ်။ ဘာမှလည်း မရှိဘဲနဲ့ ကျွန်တော်တို့ကို အပြစ်မဲ့ သက်သက်ကြီးကို အနိုင်ကျင့်တာ။ ခရီးသွားလာတဲ့ လူတွေ အကုန်လုံး သတိထားကြပါ ဆင်ခြင်ကြပါ”ဟုထွက်ပြေးလွတ်မြောက်လာသူများက ပြောဆိုသည်။

ဖမ်းဆီးခံရ ၁၁ ဦးတွင် ချောင်းဆုံ တ ရွာမှ ၆ ဦး၊ ဒီပဲယင်းမှ ၂ ဦး၊ ဘေရင်းရွာသစ်မှာ ၁ ဦး၊ အရာတော်မှာ ၁ ဦးနှင့် နဘတ်ကြီးရွာမှ ၁ ဦး ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ တန့်ဆည်သားများကို သီးသန့် ဖမ်းဆီး နှိပ်စက်ခြင်းဖြစ်ကာ နေ့ရော ညပါ ထမင်းမကျွေးဘဲ ဒူးထောက်ခိုင်းခြင်းဖြစ်ကြောင်း၊ နေ့တိုင်း လာရောက် ရိုက်နှက်နေခြင်းဖြစ်ကြောင်း ပြန်လည် လွတ်မြောက်လာသူများက ပြောဆိုသည်။

“ကိုယ့်ကိုယ်ကိုယ် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် လုပ်ကိုင်စားနေတာ ဒီလောက် ရက်ရက်စက်စက် ပက်ပက်စက်စက်လုပ်တာ ကြုံမဖူးဘူး။ တအားကို ရက်စက်တယ်။ လူငယ်မှန်သမျှ အကုန်လုံးကို နှိပ်စက်တာ။ ဒီပဲယင်းက လူဆိုရင်လည်း အသက် ၆၀ လောက်ရှိပြီ သူ့ဆိုလည်း အလွတ်မပေးပါဘူး။ ဝါးရင်းတုတ်တွေနဲ့လည်း ရိုက်တယ်။ ကြီးကြီး ငယ်ငယ် မလွယ်ကူပါဘူး။ စပါယ်နံ့သာ ဂိတ်ကနေ မသွားကြပါနဲ့။ ၂၇ ရက်နေ့မှာ လူ ၂ ယောက်ကို အပြင်ခေါ်သွားပြီး ကားသမားကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်။ ပြန်လာတဲ့ လူကို မေးကြည့်တာ “ ဟုပြန်လည် ထွက်ပြေးလွတ်မြောက်လာသူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ဖမ်းဆီးခံရသူများကို ကွင်းပြင်တွင် ဒူးထောက်ကြိုးတုပ်ထားရုံမျှမက ဆောင်းတွင်းအေးနေသည့်ကြားမှ မနက်တစ်ခါ ညတစ်ခါ ရေနှင့် လာ၍ လောင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း အမျိုးသား ၅ ဦးကို တန်ပိုဂိတ်ကို သတ်ရန် ခေါ်သွားခဲ့ကြောင်း၊ ကားပေါ်တွင် ဓားတွေ့၍ လက်ပြန်ကြိုးကို ဖြည် ထွက်ပြေးခဲ့ကြောင်း၊ လိုက်ရှာချိန်တွင် ၃ ဦး ပြန်မိ၍ သတ် ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

“ ကျွန်တော်တို့တွေ ချုံပုတ်ကြား ပုန်းနေတာ။ ကျွန်တော်တို့ကို မမြင်တာပဲ ရှိတာ ကျွန်တော်တို့ ကြားကနေ ဖြတ်ဖြတ်ပြီး ရှာနေတာ။ ၆ ခေါက် ၇ ခေါက်လောက် ။ ၃ ယောက်က ပြန်မိသွားတယ်။ တစ်ယောက်က သေချာတယ် သတ်ပစ်ခဲ့တာ ။ ကျန်တဲ့ ၂ ယောက်ကိုတော့ သတင်းမကြားဘူး။ တစ်ခါတည်း သတ်ပစ်လိုက်တာလို့ ယူဆလို့ ရတယ်။ သူတို့က လူစိတ်မရှိဘူး သတ်ပစ်တာ ဖြစ်နိုင်တယ်။ စပြေးကတည်းက သေနတ်နဲ့ လိုက်ပစ်တာ။ ပုန်းနေရာက အန္တရာယ်ကင်းပြီ အချိန်မှ ထွက်ပြေးခဲ့တာ။တညလုံး တောထဲမှာ အိပ်ခဲ့ရတယ်။ ဒီဘက်နယ်မြေရောက်မှ အကူ အညီတောင်းခဲ့ရတာ။ ကားသမားတွေ တွေ့လို့ အကူအညီတောင်းတာ ဘယ်သူမှ လိုက်မပို့ဘူး” ဟု ထွက်ပြေးလွတ်မြောက်လာသူများက ပြောဆိုသည်။

လက်ရှိ ထွက်ပြေးလွတ်မြောက်လာသူ ၂ ဦးက PDF နယ်မြေတွင် ရောက်ရှိနေပြီဖြစ်ပြီး ကောင်း ကောင်း မွန်မွန်ကြိုဆိုကြကာ ဆေးဝါးကုသမှုလည်း ပေးကြောင်း ၊ ထွက်ပြေးစဉ်က လမ်းကွဲသွားကြသော်လည်း လက်ရှိတွင် PDF နယ်မြေတွင် ပြန်တွေ့၍ အတူတကွကို စောင့်ရှောက်ပေးထားကြောင်းလည်း ထွက်ပြေးလွတ်မြောက်လာသူများက ပြောဆိုသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ဗျူဟာလမ်းကြောကို အသုံးပြုသွားလာနေကြသည့် ပြည်သူများအနေနှင့် မမေးမမြန်းဘဲ သွားလာခြင်း မပြုကြရန်နှင့် လူငယ်လူရွယ် လူလတ်ပိုင်းများ အရေးကြီး သွာလာရန် လိုအပ်ပါက ကွင်းလမ်းကြောမှ တစ်ဆင့် စုံစမ်းမေးမြန်း၍ သွားလာကြပါရန် ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘူခရိုင်မှ သတိပေးထားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article