စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ် ပကဖ သတင်း တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၆ မိနစ်ခန့်အချိန် ပုလဲမြို့မှ မြကုန်းကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပုလဲမြို့ အနောက်ဘက် မြို့အဝင် တံတားအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ပုလဲမြို့ကနေ မြကုန်းကျေးရွာကို ထွက်လာတဲ့ မြို့စောင့် စစ်ခွေးတွေ မြကုန်းကျေးရွာပနေ အပြန် ပုလဲမြို့ အနောက်ဘက် မြို့အဝင် တံတား အရှေ့ဘက်မှာ ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ။ စစ်ခွေး ၅ ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပုလဲမြို့နယ် ပကဖ သတင်း တာဝန်ခံက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ပုလဲမြို့နယ် မင်းတိုင်ပင်နှင့် နှောကန်အကြားရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကာကင်း ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများ မိုင်းနင်းမိပြီး ၂ ဦး သေဆုံးခဲ့ကြောင်း Justice Fighter – ပျောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်အချိန် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် Justice Fighter – ပျောက်ကျားတပ်ဖွဲ့ မှ ထောင်ထားသော မိုင်းကွင်းကို ဖြတ်သန်းသွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု သိရှီရသည်။
ထိုသို့ မိုင်းနင်းမိပြီး စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ် စစ်ကြောင်းသည် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ထိခိုက် ဒဏ်ရာရရှိသူများကို သယ်ဆောင်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများကို Mi-17 ရဟတ်ယဉ်ဖြင့် မကွေးဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
“ပေါက်မြို့နယ် ကပစ ၂၄ ကနေ စစ်ခွေး စစ်ကြောင်းက ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်း ထိုးဖို့ထွက်လာတဲ့ အချိန်မှာ မိုင်းနင်းမိတာ ဒဏ်ရာရတဲ့ စစ်ခွေး ၄ ကောင်ထဲမှာ တစ်ကောင်ကတော့ နည်းနည်းစိုးရိမ်ရတယ်လို့သိရတယ်။ အဲ့ဒီခွေးနာတွေကို မကွေးဆေးရုံကို ရဟတ်ယဉ်နဲ့ပို့တယ်လို့သိရပြီး ကျန်တာတော့မသိရတော့ပါဘူး။ ကပစ ၂၄ နဲ့အနီးတစ်ဝိုက်ကျေးရွာတွေကို မကြာခဏဆိုသလိုစစ်ကြောင်းထိုးဝင်ရောက်နေတာကကြာပါပြီ” ဟု Justice Fighter – ပျောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ မိုင်းကွင်းကို Justice Fighter – ပျောက်ကျားတပ်ဖွဲ့ မှ ရဲဘော်တွေများ လုပ်ဆောင်ထားခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။





