စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပပြုလုပ်နေသည့် ဈေးရောင်းပွဲအတွင်း စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၂ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ မုံရွာမြို့ပေါ်ရှိ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပပြုလုပ်နေသည့် စျေးရောင်းပွဲတွင် စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၂ ဦး ကို အကြမ်းဖက် စစ်တပ်က လမ်းတွင် အိမ်စီးကားများဖြင့် အတင်းဆွဲခေါ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးသွားသည့် လူငယ် ၃၂ ဦးမှာ အသက် ၂၀ နှစ်အရွယ်မှ အသက် ၃၅ နှစ်အထိ လူငယ်များဖြစ်ကြောင်း၊ မုံရွာမြို့ပေါ် ဌာနဆိုင်ရာ စုပေါင်းရုံးတွင် တစ်ညချုပ်နှောင်ထားကာ၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကားများဖြင့် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင်များနှင့် အဆက်သွယ်မရကြောင်း သိရှိရသည်။
“နိုဝင်ဘာလ ၂၈ ရက်နေ့က မုံရွာမြို့ ပြည်သူ့ ဥယျာဉ် ဈေးရောင်းပွဲမှာ ရန်ဖြစ်တဲ့ လူငယ် ၁၂ ဦးရယ်၊ ပြီးတော့ ရှိုးပွဲ ကြည့်ပြီး ပြန်လာတဲ့ လူငယ် ၂၀ ဦးကို စစ်ခွေးတွေက လမ်းမှာအိမ်စီးကားတွေနဲ့ ပေါ်တာဆွဲသွားတယ်။ စုစုပေါင်း လူငယ် ၃၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ စစ်ခွေးတွေ ပေါ်တာဆွဲသွားတဲ့ လူငယ်အားလုံးကို စုပေါင်းရုံးမှာ တစ်ညထားပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကို ပို့လိုက်တယ်လို ကြားတယ်။ လက်ရှိမှာ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့ လူငယ် ၃၂ ဦးကို မိသားစုနဲ့တွေ့ခွင့် မပေးဘူးလို့ သိရတယ် ” ဟုဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မုံရွာမြို့ ပေါ် ပြည်သူ့ ဥယျာဉ်ဈေးရောင်းပွဲတော်ကို စစ်တပ်က နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ၅ ရက်တိုင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
အလားတူ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း မုံရွာမြို့၊ ကမ်းနားလမ်းပေါ်ရှိ ဆုတောင်းပြည့်ဘုရားပွဲတွင် စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၀ကျော် ကို အိမ်စီးကား ၅ စီးဖြင့် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်က မုံရွာမြို့ စျေးရောင်းပွဲကို ဖွင့်လှစ် စစ်ဆေးခဲ့စဉ်။




