25 C
Yangon

နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် စက်တပ်လေထီးများဖြင့် ဗုံးကျဲ၊ ဆောမြို့နယ် အတွင်းကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပဲခူးရိုးမအတွင်း ကျင်းပပြုလုပ်နေသော သာယာဝတီခရိုင် PDF ဒရုန်း သင်တန်းဆင်းပွဲနှင့် နတ်တလင်မြို့နယ်ရှိ ရေနောက်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သင်တန်းဆင်းပွဲ ပြီးဆုံးချိန်ဖြစ်သောကြောင့် PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူများသည်လည်း အချိန်မီ တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိခိုက်သူမရှိကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ စက်တပ် ၃ စီးသည် နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုဆည် ရှင်းလင်းဆောင်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အဆောက်အဦးများ ပျက်စီးခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“စစ်ခွေးတွေက ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေကတော့ တိမ်းရှောင်နိုင်တဲ့ အတွက် ထိခိုက်သူမရှိပါဘူး” ဟုသာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ဆောမြို့နယ် အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်တွင် ကျောက်ထုမြို့ အမြောက်တပ် အမှတ် ၃၆၈ တပ် အတွင်းသို့ ပေါက်မြို့နယ်အခြေစိုက် ကပစ တပ်အတွင်းမှ တက်လာသော Mi-17 ရဟတ်ယာဉ် ၂ စီးဖြင့် အရာအရှိ ၁ ဦးအပါအဝင် စစ်သား ၆၀ ခန့်ဖြည့်တင်းခဲ့ကြောင်း၊ အလားတူ လက်နက်ခဲယမ်း အချို့ကိုလည်း ဖြည့်တင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ရဟတ်ယာဉ် ၂ စီး ဆင်းသက်လာစဉ် တံတားဦးလေတပ်မှ တက်လာသော A-5 Bomber Jet Fighter တစ်စီးက ကျောက်ထုမြို့ ဝောာင်ခြမ်းတနေရာကို ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“လေကြောင်းတိုက်ခိုက်တာက ကျောက်ထုတောင်ခြမ်းတနေရာကိုပါဗျ။ လေယာဉ် ၂ စီးဆင်းတာကို ကင်းပတ်ပေးတဲ့ပုံစံပါ။ ရဟတ်ယာဉ်က ၅ မိနစ်လောက်ကြာပြီးတော့ ကျောက်ထုမြို့အရှေ့ဘက်ကို ဦးတည်ပျံတက်သွားတယ်လို့ သိရပါတယ်” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ – သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ် ၁ လုံး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article