25 C
Yangon

ဖြူးမြို့နယ်တွင် ကင်းပတ်ရန်ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Phyu Township People’s Defense Organization – ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဇေယျဝတီမြို့၊ ကြပ်ကွင်းကျေးရွာဘက်ကို ကင်းလှည့်ရန် ထွက်လာသော ဖြူးမြို့နယ် ပကဖ မှ ရဲဘော်များနှင့် ဆားဂွန်းရွာ စစ်တပ် ဂိတ်မှ ကင်းလှည့်ရန် ထွက်သော စစ်သားများ ကြပ်ကွင်းတာဝါတိုင် အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့တိုက်ပွဲသည် မိနစ် ၃၀ ခန့်တွင် ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ကြည်တင်နှင့် မြင့်ကြည် ဆိုသော စစ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ထိုသို့ အရှင်ဖမ်းမိခဲ့သော စစ်သား ၂ ဦးကို ဖြူးမြို့နယ် ပကဖ တပ်စုမှူးမှ စစ်ဆေးမေမြန်းနေစဉ် သေနတ် လု၍ ထွက်ပြေးရန် လုပ်ဆောင်ခဲ့သောကြောင့် ပစ်ခတ်ခဲ့ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ကြည်တင်ဆိုသူသည် ဖြူးမြို့နယ် ခမရ-၃၀၆ တပ်ရင်းမှ ပင်စင်ယူထားသော တပ်ကြပ်ကြီးဖြစ်ပြီး အကြမ်းဖက် စစ်တပ်က အာဏာသိမ်းချိန်တွင် ဖြူးမြို့နယ် အတွင်းရှိ တံခွန်တိုင်ဂိတ်နှင့် ဆားဂွန်းဂိတ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ G-3 သေနတ် ၁ လက်၊ G-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နှင့် ကျည် ၁၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“နှစ်ဦးလုံးအတူထွက်ပြေးတာပါ။ ကြည်တင်က ခေါင်းဆောင်ပါ။ အတော်ဆိုးတာပါ။ နှစ်ဦးစလုံး ပတ်ခတ်ရှင်းလင်းခဲ့တာပါ။ ကောင်းကောင်းမွန်မွန်မေးနေတာကို မထင်မှတ်ဘဲ သေနတ် လုယူထွက်ပြေးလို့ ဘေးကရဲဘော်တွေက ပစ်လိုက်ရတာပါ” ဟု Phyu Township People’s Defense Organization – ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article