25 C
Yangon

နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်း၊ Gyrocopter တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ် ၄၄ လုံးပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်း၊ Gyrocopter တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ် ၄၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၇၃ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ညောင်ပင်သာကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဦးသူရိန်စိုးနှင့် အသက် ၇၀ နှစ်အရွယ် ဦးတိုးကြီးတို့ ကျည်စထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက် ၄၂ နှစ်အရွယ် ဒေါ်ခိုင်သဇင်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်ကလေးမ ၊ အသက် ၁၆ နှစ်အရွယ် မောင်ဟိန်းသူရအောင် နှင့် အသက် ၅၇ နှစ်အရွယ် ဒေါ်သန်းသန်း တို့ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ Gyrocopter က တမောမရွာ‌‌‌ဟောင်း အတွင်းကို ၁၂၀ မမ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၇၀ နှစ်အရွယ် နော်တူးကလာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ် ကျွန်းကုန်း(ပိုးရိုးနိုဖိုး) ကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် တနေကုန်ပစ်ခတ်ပြီး၊ ဒရုန်း၊ Gyrocopter တို့ဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၄၄ လုံး ထိမှန်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ယခုအချိန်ထိ နတ်သံကွင်း-ကျောက်ကြီး ကားလမ်းမကြီးကို ရယူရန် အင်အားသုံး စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီး၊ ဒရုန်း၊ Gyrocopter များဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် လုပ်ကိုင်စားသောက်သွားလာနေ ထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article