ရန်ကုန်၊ ဒီဇင်ဘာ ၇
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးတို့၏ ဆန္ဒပြဓာတ်ပုံများကို လိုက်လံပြသပြီး သတင်း ပေးလျှင်ငွေကျပ် သိန်း ၂၀၀ ချီးမြှင့်မည်ဟု ပြည်သူများကို စစ်တပ်က လိုက်လံ စည်းရုံးနေကြောင်း အမရပူရမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ မန္တလေးမြို့ပေါ်တွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးတို့က ဆန္ဒပြခဲ့ပြီး ဆန္ဒပြမှုနှင့်အတူ ဒီဇင် ဘာလ ၁၀ ရက်နေ့ တစ်နိုင်ငံလုံးအသံတိတ်သပိတ်တွင်ပါဝင်ရန် စည်းရုံးလှုံ့ဆော်သွားသဖြင့် အကြမ်းဖက်စစ်တပ်က သပိတ်ခေါင်းဆောင်များကို ဖမ်းဆီးရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလာခြင်းဖြစ်ကြောင်း၊ ယင်းသို့ ကြိုးစားသည့်နည်းလမ်း များအနက်မှ မန္တလေးမြို့ ပတ်ဝန်းကျင်ရှိ မြို့များ၊ ကျေးရွာများကို ဧည့်စာရင်းများ ဆက်တိုက်စစ်ဆေးလျက်ရှိကြောင်း၊ ဧည့်စာရင်းစစ်ချိန် ဒေါက်တာတေဇာဆန်း အပါအဝင် သပိတ်ခေါင်းဆောင်များ၏ ဓာတ်ပုံများကို ပြသကာ မြင်ဖူးခြင်း ရှိ၊ မရှိ၊ အကယ်၍ တွေ့ရှိပါက ချက်ချင်းအကြောင်းရန်နှင့် ငွေကျပ် သိန်း ၂၀၀ ချီးမြှင့်မည်ဟု စစ်တပ်က လိုက်လံပြောဆိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျမတို့ အမရပူရ၊ တောင်မြို့မှာ သောကြာနေ့ (ဒီဇင်ဘာ ၅ ရက်နေ့)ညပိုင်း ဧည့်စာရင်းတွေ စစ်ပါတယ်။ စစ်ရင်းနဲ့ ပိန်ပိန်သေးသေး မျက်နှာနဲ့ ကိုတေဇာဆန်းဓာတ်ပုံနဲ့ သပိတ်မှောက်ကြတဲ့ သူတွေ ဓာတ်ပုံတွေ ပြပါတယ်။ ဧည့်စာရင်းစစ်တာကလည်း အိမ်ရှင်၊ အိမ်ငှား အကုန် အိမ်အောက် ဆင်းပြရတယ်။ သူတို့က အိမ်ခန်းထဲက ခြင်ထောင်ပါလှန်ပြီး စစ်ပါတယ်။ အိမ်သာတွေထဲပါဝင်စစ်တယ်။ ဓာတ်ပုံထဲမှာပါတဲ့ ကိုတေဇာဆန်းကို တွေ့ရင် နီးစပ်ရာ ရဲစခန်းနဲ့ ရပ်ကွက်ရုံးကို အကြောင်းကြားဖို့ မှာပါတယ်။ အဲဒီလို အကြောင်းကြားပေးရင် ငွေကျပ် သိန်း ၂၀၀ ပေးမယ်လို့လည်းပြောပါတယ်” ဟု တောင်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အမရပူရမြို့နယ်မှ အခြားပြည်သူများကလည်း စစ်တပ်က ကိုတေဇာဆန်းဓာတ်ပုံနှင့် သပိတ်ခေါင်းဆောင်များ၏ ဓာတ်ပုံများကို လိုက်လံပြသပြီး မေးမြန်းစုံစမ်းမှုများ လုပ်ဆောင်နေသည်မှာ မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ လူထုအရေးတော်ပုံခေါင်းဆောင်များဖြစ်သော ဒေါက်တာတေဇာဆန်း ၊ ကိုနန်းလင်း (ရန်ကုန်) နှင့် ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် ရဲဘော်ရဲဖက်များ ပြည်သူလူထုနှင့် အတူ ပူးပေါင်းကာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြခဲ့သော မန္တ လေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ လမ်းဘေးဈေးတန်းကို ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် အလယ်ပိုင်းတိုင်း စစ်တိုင်းမှူးအမိန့်ဖြင့် စစ်တပ်နှင့်စည်ပင်က ဝင်ရောက် ဖျက်ဆီးခဲ့သည်။
စစ်တပ်က ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ရာ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄x၈၅ လမ်းကြားရှိ လမ်းဘေးဈေးဆိုင်များကို ဝင်ရောက် ဖျက်ဆီးခဲ့ပြီး အနည်းဆုံး ဆိုင်ခန်း ၅၀ ဝန်းကျင် ဖျက်ဆီးခံခဲ့ရသည်။






