ရန်ကုန်၊ ဒီဇင်ဘာ ၇
မန္တလေးတိုင်း၊ တောင်သာ-မြင်းခြံ လမ်းပိုင်းကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၆ ရွာကို ဆက်တိုက်မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျကာ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး တောင်သာ-မြင်းခြံ လမ်းပိုင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်း ထားသော စစ်ကြောင်းသည် လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကို ဆက်လက် ဝင်ရောက် စီးနင်းကာ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး နေအိမ်များကို ဆက်တိုက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် တောင်သာ-မြင်းခြံ လမ်းပိုင်း တစ်လျှောက်ရှိ တမံကြီးရွာ ၊ ဆည်ကုန်း(မ)ရွာ ၊ ညောင်ဒိုရွာ ၊ ပဲခင်းကျော်ရွာ ၊ ခြုံကြီးရွာ နှင့် အင်းတ်ရွာတို့မှ နေအိမ် ၂၀၀ နီးပါး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန် တောင်သာ-မြင်းခြံ လမ်းပိုင်းတွင် စစ်ကြောင်းထိုး တပ်စွဲထားသောကြောင့်တမံကြီးရွာ ၊ ဆည်ကုန်း(မ)ရွာ ၊ ညောင်တိုရွာ ၊ ပဲခင်းကျော်ရွာ ၊ ခြုံကြီးရွာ နှင့် အင်းတဲရွာ တို့မှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့တော့ မကြားမိသေးဘူး။ အဲစစ်ခွေးစစ်ကြောင်းက ကျေးရွာတစ်ရွာကို ဝင်ရောက် စီးနင်းတော့မယ် ဆိုရင် ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းတယ်။ ရွာထဲရောက်ရင် ပြန်လွှတ်တယ်။ ပြီးရင် ပြည်သူတွေ ထပ်ဖမ်းတယ် ရွာထဲရောက်ရင် ပြန်လွှတ်တယ်။ အဲလိုမျိုးလုပ်ဆောင်နေတာ သူတို့ရွာထဲကို ဝင်ရောက် စီးနင်းရင်တော့ နေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးတယ်။ အခုကျနော်တို့ ကြားသိရတာတော့ ကျေးရွာ ၆ ရွာက နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးထားတယ်လို့သိရတယ်။ စစ်ခွေးစစ်ကြောင်းက အခုထိ ရှိနေတုန်းပဲ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း တောင်သာမြို့ပေါ်မှ အကြမ်းဖက် စစ်သားများက တောင်သာ – ငါ့သရောက် လမ်းပိုင်း ညောင်တိုကျေးရွာလမ်းခွဲရှိ တော်လှန်ရေး တပ်ဖွဲ့၏ ဂိတ်စခန်းကိုလည်း ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။







