တနင်္သာရီတိုင်း၊ မောတောင်မြို့တွင် အကြမ်းဖက် စစ်တပ်ကို မူးယစ်ဆေးဝါးရောင်းချပြီး စစ်ရှောင်ပြည်သူများကို ဗုံးကျဲ သတ်ဖြတ်ရန် လှုံဆော်နေသည့် စစ်တပ် သတင်းပေး အမျိုးသမီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဒေသတွင်း စစ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်ကို သတင်းပေးပြီး ပြည်သူများကို ဗုံးကျဲ သတ်ဖြတ်ရန် လှုံဆော်ရေးသားနေသော မောတော်မြို့တွင် နေထိုင်သည့် စစ်တပ် သတင်းပေး ဒေါ်ဌေးဌေးရီ ကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လိုက်လံရှာဖွေစဉ်တွင် ဒေါ်ဌေးဌေးရီကို စစ်ဘေးရှောင်စခန်း တစ်ခုတွင် တော်လှန်ရေး တပ်ဖွဲ့များက တွေ့ရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ၎င်းကို သုံ့ပန်း ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဖမ်းဆီးရမိထားသော ဒေါ်ဌေးဌေးရီ၏ လက်ကိုင်ဖုန်းအတွင်းမှ အကြမ်းဖက် စစ်တပ်နှင့် ဆက်သွယ်ထားသော အချက်အလက်များ၊ ၎င်း၏ TikTok အကောင့်တွင် စစ်ရှောင်ပြည်သူများနှင့် PDF တပ်ဖွဲ့များကို ဗုံးကျဲ သတ်ဖြတ်ခိုင်းသော လှုံဆော်ရေးသားထားသည့် မှတ်တမ်းများတွေ့ရှိခဲ့ပြီး အကြမ်းဖက် စစ်သားများကို မူးယစ်ဆေးဝါးရောင်းချခဲ့ကြောင်းပါ ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။
“အခုတော့ သူ့ကို ကောင်းကောာင်းမွန်ပဲ ဆက်လက်ထိန်းသိမ်းပါတယ်။ သူကိုယ်တိုင်လည်း လုပ်ခဲ့ပါတယ်လို့ ဝန်ခံထားတယ်။ သူ့အမျိုးသားက စစ်သားပဲ မူးယစ်ဆေးမှုတွေနဲ့ ခဏခဏ ဖမ်းခံရပြီး အခုဘယ်ရောက်နေမှန်းတာင် မသိဘူးလို့ သူ့ကိုယ်တိုင်ပြောတယ်။ သူ့မှာ ကလေး ၃ ယောက်ရှိတယ်။ သူ့ကလေးလေးတွေကိုလည်း ကျနော်တို့က စစ်ရှောင်စခန်းမှာပဲထားပြီးတော့ ကောင်းကောင်းမွန် စောင့်ရှောက်ထားတယ်။ ဒေါ်ဌေးဌေးရီကို ကျနော်တို့ ရဲဘော်တွေက ရိုက်နှက် နှိပ်စက်တာလဲမရှိဘူး။ ဘယ်လိုဆက်လက် အရေးယူမလဲဆိုတာကတော့ သက်ဆိုင်ရာအဖွဲ့တွေက လုပ်ဆောင်ပါလိမ့်မယ်” ဟု ဒေသတွင်း စစ်သတင်းရင်းမြစ်က ပြောဆိုသည်။
မောတောင်မြို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်းတွင် တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မောတောင်ရှိ နောက်ဆုံးကျန်ရစ်နေသော စစ်တပ်၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မောတောင်မြို့ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ မောတောင်မြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ် ထိုးစစ်ဆင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။




