31 C
Yangon

အသံတိတ်သပိတ်ကို ဖျက်ဆီးရန် ကြံ့ဖွတ်ပါတီက မဲဆွယ်စည်းရုံးပွဲများနှင့် ပါတီဝင်များပါဝင်သော လှုပ်ရှားမှုများကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြီးအကျယ် ပြုလုပ်မည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

နွေဦးတော်လှန်ရေးဘက်တော်သားများနှင့် ပြည်သူလူထုက ပါဝင်ဆောင်ရွက်မည့် အသံတိတ်သပိတ်ကို ဖျက်ဆီးရန် ကြံ့ဖွတ်ပါတီက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မဲဆွယ်စည်းရုံးပွဲများနှင့် ပါတီဝင် အင်အားအများအပြား အသုံးပြုပါဝင်သော လှုပ်ရှားမှုများကို လုပ်ဆောင်ကြမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်ကို ဖြိုခွင်းရန်နှင့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ညွှန်ကြား ချက်နှင့် အမိန့်များ ထုတ်ပြန်လာပြီးနောက် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီကလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ် သပိတ်နေ့တွင် မဲဆွယ်စည်းရုံးသော ပွဲများကို ပါတီဝင် အင်အား အများအပြားဖြင့် လုပ်ဆောင်ရန် မြို့နယ်ကြံ့ဖွတ်ပါတီများသို့ ညွှန်ကြားထားကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပါတီက မြို့နယ်တွေနဲ့ ရပ်ကွက်တွေမှာ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ ၊ ရွေးကောက်ပွဲ ကြေညာတမ်းကို လူထုဆီ ရှင်းလင်းတဲ့ပွဲတွေကို ပါတီဝင် အင်အား များများလုပ်ခိုင်းနေပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်မည့် အသံတိတ်သပိတ်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန် လာပြီး ယင်းညွှန်ကြားချက်တွင် အသံတိတ်သပိတ်ပြုလုပ်မည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ ပိတ်ထားမည့် စျေးဆိုင်များ၊ စားသောက်ဆိုင်များ ၊ အလုပ်ရုံစက်ရုံများ၊ ကုမ္ပဏီများကို ဖော်ထုတ် အရေးယူရန်နှင့် ချိတ်ပိတ်ရန်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ပြည်သူအများစု ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့်မြို့နယ်/ရပ်ကွက်ဆိုင်ရာ လူထုလှုပ်ရှားမှုများ ဆောင်ရွက်ရန်ပါ ညွှန်ကြားထားသည်။

အသံတိတ် သပိတ်တွင် ပါဝင်သော ဆိုင်များ၊ အလုပ်ရုံစက်ရုံများ၊ ကုမ္ပဏီများကို နိုင်ငံတော်အကြည် ညိုပျက်စေမှုအပြင် ရွေးကောက်ပွဲကို နှောင့်ယှက်သည့် ဥပဒေဖြင့်ပါ အမှုဖွင့်ရန် ညွှန်ကြားထားသည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်နေ့တွင် နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးရှိ ဝန်ကြီးဌာနများတွင် မည်သည့် ဝန်ထမ်းကိုမှ ခွင့်ရက်မပေးရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်းညွှန်ကြားချက်များ ထုတ်ပြန်လာကြောင်း၊ အကယ်၍ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးမကောင်းမွန်မှုနှင့် နာရေးကိစ္စများကြောင့် ခွင့်ယူလိုပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအကြီးအကဲများ၏ ခွင့်ပြုချက်ရယူပြီးမှ ခွင့်ပေးကြရန် ညွှန်ကြားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article