33 C
Yangon

စကုမြို့မှ ရွှေစက်တော်ဘုရားဘက်သို့ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကြောင်းက ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်၊ စကုမြို့မှ ရွှေစက်တော်ဘုရားဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် စကုမြို့နယ်၊ မန်းချောင်းအနောက်ဘက်ရှိ စကုမြို့အနောက်ပိုင်း ခံကုန်းရွာမှ ရွှေစက်တော်ဘုရားဘက်သို့ အင်အား ၁၂၀ ခန့်ဖြင့် ထွက်လာသော စစ်တပ် စစ်ကြောင်းသည် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့ပြီး လူငယ် ၁ ဦးကို ဖမ်းဆီးသွားကြောင်း၊ အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း ကူရွာမှ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးကို ထပ်မံ ပစ်သတ်ခဲ့ကြောင်း သိရသည်။

ထိုစစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကုတင်ကုန်းကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုတင်ကုန်းကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တချို့ ပျက်စီးခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် လက်ပတောရွာရဲစခန်းသို့ ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၃ လုံးထပ်မံကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက လက်ပတောရဲစခန်းကနေ မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၃ နာရီလောက်က ထွက်သွားပြီ ရွှေစက်တော်ဘုရားဘက်ကို ထွက်သွားတယ်။ စစ်ခွေးသေဆုံးထိခိုက်မှု ထပ်တိုးစာရင်း တော့ မသိရသေးပါဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ပြန်လွှတ်ပေးတယ်လို့ မကြားမိသေးဘူး” ဟု မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်း၊ မဟာမိတ်များနှင့် မင်းဘူးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ်-ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်သား၊ ရဲနှင့် ပျူစောထီးတို့အနီး နေထိုင်ခြင်း မပြုလုပ်ကြရန် မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article