ရန်ကုန်၊ ဒီဇင်ဘာ ၉
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇၆ နှစ်အရွယ် ဒေါ်စိန်မြိုင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်ရှိ ကျောက်စရစ်ရွာ ဘုန်းကြီးကျောင်းနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျောက်စရစ်ရွာတို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင် အသက် ၇၆ နှစ်အရွယ် ဒေါ်စိန်မြိုင် ပွဲချင်းပြီး သေဆုံးပြီး အသက် ၁၂ နှစ်အရွယ် မောင်နေဇော်အောင်နှင့် ဦးဇင်းကျော်ဝင်း တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာဘုန်ကြီးကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မနေ့က နံနက်ပိုင်းမှာ ကျောက်တံခါးမြို့နယ်၊ လက်ခံကျေးရွာအုပ်စုထဲက ကျောက်စရစ်ကျေးရွာနဲ့ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာကို စစ်ခွေးတွေက Gyrocopter နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာကတော့ နေအိမ်တွေ ပျက်စီးတယ်။ ကျောက်တံခါးမြို့နယ် ၊ကျောက်စရစ်ဘုန်းကြီးကျောင်းကတော့ လုံးဝပျက်စီးသွားတယ်။ ပြည်သူ ၁ ဦးလည်း သေဆုံးတယ်။ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။







