ရန်ကုန်မြို့လယ်ခေါင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရေး နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် ရန်ကုန်လူထုသပိတ်က ယနေ့ ဆိုင်းဘုတ်ထောင် နှိုးဆော် လိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ရန်ကုန်လူထုသပိတ်မှ ရဲဘော်များက ရန်ကုန်မြို့ လယ်ခေါင်၊ ဆူးလေ၊ လူကူးတံတားအနီးတွင် အသံတိတ်သပိတ် ပြည်သူများ ပူးပေါင်းပါဝင်ရေး နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အတွက် ဆိုင်းဘုတ်ထောင်၍ ဆန္ဒပြခဲ့ကြောင်း၊ အဆိုပါ ဆန္ဒပြမှုမှာ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆန့်ကျင်ခြင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ‘အသံတိတ်’ သပိတ်တွင် ပြည်သူလူထုတစ်ရပ်လုံးက အတူတကွ ပူပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခြင်း၊ လူထုလွတ်မြောက်ရေးအတွက် လူထုကိုယ်တိုင်ရုန်းကန်ရမည်ဖြစ်သည်ဆိုသော ရည်ရွယ်ချက်များဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် အတုအယောင်ရွေးကောက်ပွဲနှင့် ၎င်း၏အလွန်ကာလတွင်လည်း လူထု၏ ‘ပုန်ကန်အံတု’မှုရှိမှသာ လွတ်မြောက်မှုအစစ်ကို ရနိုင်မည်ဖြစ်ကြောင်း အသိပေးလှုံ့ဆော်လိုက်ကြောင်း၊ ဆန္ဒပြ ဆိုင်းဘုတ် ဓာတ်ပုံထဲမှ “အမှိုက်ပုံး”မှာ အတုအယောင်ရွေးကောက်ပွဲ၏ “မဲပုံး”များကို ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်မှ ကျင်းပပြုလုပ်မည့် “ရွေးကောက်ပွဲ မဲ ပုံး”များတွင် ပြည်သူလူထု၏ ထောက်ခံမှုမရှိသော အတုအယောင်ရွေးကောက်ပွဲဝင် ပြည်သူ့ချဉ်ဖက်ကိုယ်စားလှယ်လောင်းများ(သို့)သုံးစားမရသောပြည်ဖျက်အမှိုက်များသာ စုပုံစွန့်ပစ်ခံထားရမည့် “အမှိုက်ပုံး”များဟုပင်မှတ်ယူမည်ဖြစ်ကြောင်း ရန်ကုန်လူထုသပိတ်က ဆိုသည်။







