ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ရှောင်ပြည်သူများနေထိုင်သော လဲခုံကြီးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်သော လဲခုံကြီးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ အချိန်မီ တိမ်းရှောင်နိုင်သောကြောင့် ထိခိုက်သူမရှိကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ရေကြည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၃၄၄ အမြောက်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးဗုံးကျဲသွားတဲ့ ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်ပြည်သူတွေပဲနေတာ ပြည်သူတွေကို အချိန်မီ ရွေ့ပြောင်းထားနိုင်လို့ ထိခိုက်တဲ့သူမရှိဘူး။ ကျောင်းကတော့ ပြန်ကောက်စရာမရှိအောင်ကို ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် လဲခုံကြီးကျေးရွာ ဘုန်းကြီးကျောင်း အတွင်းရှိ ကျောင်းဆောင် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဧရာဝတီတိုင်းအတွင်း အရပ်သား ပြည်သူများ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးပြောဆိုထားသည်။
အလားတူ ယခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခြင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိကြောင်း AYA PDF အမှတ်၂၉ ဗျူဟာက ထုတ်ပြန်ထားသည်။






