မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုးရန်ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခရိုင် အမှတ် ၃ တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ တောင်သာမြို့ပေါ်မှ လက်သဲချင်၊မြင်းတည်ရွာဘက်သို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး မင်းသားကြီး ဦးဆောင်သော စစ်ကြောင်းနှင့် မဟာမိတ် အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရှိရသည်။
ထို့နောက် အကြမ်းဖက် စစ်တပ်က သာလွန်အင်အားဖြင့် မြင်းတည်ရွာရှိ ပြည်သူနေအိမ်တချို့ကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း တောင်သာမြို့မှ စစ်တပ်က မကျည်းပင်တဲ ရွာဘက်သို့ အင်းအားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ၊တပ်ခွဲ ၁ တပ်ခွဲမှူး ငတွန်ဦးဆောင်သောစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
အဆိုပါတိုက်ပွဲများ စစ်တပ်က အထိနာပြီး ပဲခင်းကျော်ရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူနေအိမ်များကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့မီးရှိူ့နေစဉ်အတွင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူးမင်းသားကြီး ဦးဆောင်သောစစ်ကြောင်းနှင့် မဟာမိတ်တပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်က တောင်သာမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ စစ်တပ် ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပဲခင်းရွာကျော်ရှိ နေအိမ် ၇၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ၊ တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်သေစာရင်းကတော့ ထပ်သေဆုံးတာမျိုး မကြားရသေးဘူး။ ပြည်သူတွေကိုဖမ်းဆီးခံရတာမျိုး မရှိပါဘူး။”ဟု မြင်းခရိုင် အမှတ် ၃ တပ် ရင်း၏ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ပြောဆိုသည်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် လာမည့် ကာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်တပ်က နယ်မြေရှင်းလင်းအမည် တပ်၍ စစ်ကြောင်းထိုးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များ။




