အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲမှာ လွတ်လပ်၍ တရားမျှတမှု မရှိနိုင်ကြောင်း ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်နှင့် ဩစ တြေးလျ အစိုးရတို့က ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကြေညာချက်ထုတ်ပြန် လိုက်ကြသည်။
ဥရောပသမဂ္ဂက မြန်မာစစ်တပ်၏ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဥ်များကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး မြန်မာစစ်တပ်က ရွေးကောက်ပွဲများကို နိုင်ငံရေးလမ်းပြမြေပုံတွင် ခြေလှမ်းတစ်ခုအဖြစ် တင်ပြနေကြောင်း၊ သို့ရာတွင် လက်ရှိအခြေအနေအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများအတွက် မရှိမဖြစ် လိုအပ်သော အခြေအနေများဖြစ်သည့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ယုံကြည်ရလောက်သော၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်သော လုပ်ငန်းစဉ်များ တည်ရှိနေခြင်းမဟုတ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲများသည် စစ်တပ်အတွက် တရားဝင်ဖြစ်တည်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့်သာ ပြုလုပ်နေကြောင်း သိသာထင်ရှားနေကြောင်း ထောက်ပြထားသည်။
မြန်မာနိုင်ငံနေရာအနှံ့ပြန့်နှံ့နေသော အကြမ်းဖက်မှုများ၊ အခြေခံလွတ်လပ်ခွင့်များအပေါ် ကန့်သတ်ချုပ်ချယ်မှုများ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းမှုများနှင့် အဓိက နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများကို ချန်လှပ်ထားခြင်းတို့သည် ရွေးကောက်ပွဲဖြစ်စဉ်၏ ယုံကြည်စိတ်ချရမှုကို ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ နိုင်ငံ၏ဒေသအများအပြားတွင် ပြင်းထန်သောပဋိပက္ခများကြောင့် ထိခိုက်မှုများရှိနေဆဲဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များ ဆက်လက်တိုးမြင့်လာကာ အတင်းအကျပ်ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရမှုများသည် ပိုမိုပြင်းထန်လာ၍ အရပ်ဖက်လှုပ်ရှားနိုင်မှုအခင်းအကျင်းများသည်လည်း တင်းတင်းကျပ်ကျပ် ကန့်သတ်ခံရလျက်ရှိနေကြောင်း ဥရာပသမဂ္ဂက ထောက်ပြထားသည်။
လူနည်းစုအုပ်စုဝင်များနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များ သို့မဟုတ် သိသိသာသာ လူကြိုက်များသော ပါတီများအပါအဝင် လူဦးရေနှင့် နိုင်ငံရေးရပ်ဝန်း၏ ကြီးမားသော အစိတ်အပိုင်းများသည် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမှ ဟန့်တားခြင်းခံထားရကြောင်း၊ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း ထောင်ပေါင်းများစွာသော နိုင်ငံသားများသည် မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်းခံနေရဆဲဖြစ်ကြောင်း၊ တချိန်တည်းမှာပင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ဝေဖန်မှုမှန်သမျှကို ရာဇ၀တ်မှုမြောက်စေသည့် ဥပဒေအသစ်များက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပျက်ပြားစေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုများ လုပ်ဆောင်နေသည့် ပတ်ဝန်းကျင်သည် လူထုယုံကြည်မှု မတည်ဆောက်နိုင်သလို မြန်မာနိုင်ငံကပါဝင် ကတိပြုထားသည့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း ဥရောပသမဂ္ဂက ထောက်ပြသည်။
အလားတူ ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO)က ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ရန်နှင့် ရွေးကောက်ပွဲအပေါ် စိုးရိမ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
“စစ်တပ်အာဏာသိမ်းမှု ၅ နှစ်နီးပါးကြာခဲ့ပါပြီ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ နဲ့အညီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုပါတယ်” ဟု FCDO ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
စစ်တပ်၏ ရွေးကောက်ပွဲဆိုသည်မှာ အကြမ်းဖက်မှုများကို အဆုံးသတ်ရန်နှင့် သက်ဆိုင်ရာအဖွဲ့အသီးသီးနှင့် ဆွေးနွေးရန် လိုအပ်သော်လည်း စစ်တပ်၏ ရွေးကောက်ပွဲသည် ထိုအခြေအနေများနှင့် ကိုက်ညီသည့် အရိပ်အယောင် မတွေ့ရကြောင်း ဗြိတိန်က တရားဝင် သတင်းထုတ်ပြန်ဝေဖန်သည်။
“အခုလိုအခြေအနေတွေကြားမှာ ကျင်းပတဲ့ရွေးကောက်ပွဲဟာ ပိုမိုဆိုးရွားတဲ့တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေနိုင်ရုံသာမက စစ်မှန်တဲ့ဖြေရှင်းနည်းတွေနဲ့ ပိုမိုဝေးကွာသွားမည်ကို ယူကေအစိုးရက စိုးရိမ်မိပါတယ်” ဟု FCDO ပြောရေး ဆိုခွင့်ရှိသူက ပြောဆိုသည်။
ကနေဒါနိုင်ငံကလည်း မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေးများမှာ ပြင်းထန်စွာ ချိုးဖောက်ခံနေရဆဲ ဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာ ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ်သို့ အခြေအနေပိုမို ဆိုးရွားလာလျက်ရှိကြောင်း ၊ စစ်တပ်က ပြုလုပ်မည့် ရွေးကောက် ပွဲမှာလည်း လွတ်လပ်ပြီး တရားမျှတရေး လမ်း မမြင်ကြောင်း သဘောထားကြေညာချက်ထုတ်ပြန်သည်။
ယင်းအပြင် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချပြီး မြန်မာပြည်သူလူ ထုနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ဩစတေးလျအစိုးရကလည်း ယနေ့ ထုတ်ပြန်သည်။
သြစတြေးလျအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပွားလျက်ရှိသည့် နိုင်ငံရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းနှင့်ပက်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း၊ မြန် မာ စစ်အာဏာရှင်အဖွဲ့အစည်း၏ လူ့အခွင့်အရေးအလွဲသုံးစားပြုမှုများနှင့် ချိုးဖောက်မှုများကျယ် ကျယ် ပြန့်ပြန့်လုပ်ဆောင်နေခြင်းအား ရှုတ်ချပြီး လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သား ပြည်သူများကို ဆက်လက်တိုက်ခိုက်နေခြင်းအပေါ် စွာစိုးရိမ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ပြောဆိုသည်။
ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ရန်အတွက် အကြမ်းဖက်မှုများကိုအဆုံးသတ်ပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးကာ သက်ဆိုင်သူများအားလုံးပါဝင်သည့် ဆွေးနွေး ညှိနှိုင်းမှုပြုလုပ်ရန်လိုအပ်ကြောင်း၊ ထိုသို့သော အခြေအနေများ မရှိဘဲကျင်းပသည့် ရွေးကောက်ပွဲ သည် ပိုမိုကြီးမားသော မတည်ငြိမ်မှုများဆီ ဦးတည်ကာ မြန်မာပြည်သူများအပေါ်ဆိုးရွားသည့် အကျိုး ဆက်များဖြစ်စေမည်ဖြစ်ကြောင်း ဩစတြေးလျက သတိပေးသည်။
ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသည့် အဖြေရှာဖွေရာတွင် အတား အဆီးဖြစ်မည်ကို အထူးစိုးရိမ်ပြီး လက်ရှိမြန်မာနိုင်ငံရှိအခြေအနေသည် လွတ်လပ်၍တရားမျှတပြီး လူတိုင်း အကျုံးဝင်သည့်ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများ မပြည့်စုံကြောင်း ဆက်လက် သတိပေးသည်။
သြစတြေးလျအနေဖြင့် ပြည်သူများ၏ဆန္ဒကိုထင်ဟပ်သည့် ဒီမိုကရေစီအရပ်သားအစိုးရထံသို့ ငြိမ်း ချမ်းစွာ အာဏာလွှဲပြောင်းရန် ဆက်လက်တိုက်တွန်းပါကြောင်း၊ ဤအကျပ်အတည်းကိုဖြေရှင်းရာ တွင် အာဆီယံ၏ အခရာကျသည့် အခန်းကဏ္ဍကို ထောက်ခံကြောင်း ဆက်လက် အသိပေးထား သည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်အောက်မှ ကတိကဝတ်များကို အပြည့်အဝအကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် အာဆီယံဥက္ကဌ၏အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံကိုယ်စားလှယ် များနှင့် အဓိပ္ပာယ်ရှိသောတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဩစတေးလျအစိုးရက တောင်းဆိုထား သည်။
လူ့အခွင့်အရေးအပေါ်ထားရှိသည့် ဩစတေးလျ အစိုးရ၏ ကတိကဝတ်သည် သြစတြေးလျအမျိုး သား စံတန်ဖိုးများကို ထင်ဟပ်ပါကြောင်း၊ အခက်အခဲဒုက္ခကြုံရချိန်တွင် ကြီးစွာသောကြံ့ကြံ့ခံနိုင် စွမ်းနှင့် ရဲရင့်မှုတို့ကို ပြသခဲ့ကြသည့် မြန်မာပြည်သူများနှင့်အတူတကွ ဆက်လက်ရပ်တည်နေ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရွေးကောက်ပွဲအသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက်ကို စစ်ဆေးနေသော မင်းအောင်လှိုင်။




