စစ်တပ်၏ ပုဒ်မ ၅၀၅ က ဖြင့် မတရားဖမ်းဆီးခံထားရသူများမှ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားအများစု လွတ်မြောက်လာမှုမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကျဉ်းထောင်များတွင် ပုဒ်မ ၅၀၅ က ဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို ရွေးကောက်ပွဲအတွက်ဟုဆိုကာ လွတ်ငြိမ်း ပေးခဲ့သော်လည်း စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားအများစု ပြန်လည် လွတ်မြောက်လာမှု မရှိသေးကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လွတ်ငြိမ်းကို အကျဉ်းသားများကွန်ရက် (PPNM) အနေဖြင့် စောင့်ကြည့်လေ့လာရာ၌ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားအများစု လွတ်မြောက်လာမှု မရှိသည်ကို တွေ့ရှိရကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း၌ ရွှေဘိုထောင်၊ မုံရွာထောင်၊ ဂန့်ဂေါထောင်၊ ကသာထောင်နှင့် ကလေးထောင် စသည့်အကျဉ်းထောင်များရှိသည့်အနက် ကလေးထောင်နှင့် ကသာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတို့သာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“PPNM ဟာ စစ်ကော်မရှင်ဘက် လွတ်ငြိမ်းပေးတဲ့ လွတ်လူ အရေအတွက်ကို စာရင်းပြုစုတဲ့အခါမှာ ဒါကို ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာ စာရင်းပြန်တိုက်စစ်တဲ့အခါ တချို့ထောင်တွေမှာ လွတ်လူအရေအတွက် လုံးဝမရှိတာတွေ့ရတယ်။ စစ်ကိုင်းတိုင်းမှာ ရွှေဘိုထောင်ရှိမယ်၊ ဂန့်ဂေါထောင်ရှိမယ်၊ မုံရွာထောင်ရှိမယ်။ အဲဒီမှာ မုံရွာထောင်မှာ လွတ်လူတစ်ဦးမှ မရှိဘူး။ ရွှေဘိုထောင်မှာဆိုရင် ၂၇ ရက်နေ့ မနက်ခင်စမှာကတည်းက လုံးဝ နိုင်ကျဉ်း အမျိုးသား အမျိုးသမီး ၂၈ ဦးကို ခေါ်ထုတ်သွားတယ်။ ရက်အကန့်အသတ်နဲ့ပဲ သူတို့ကို ပြန်ဖမ်းဆီးလိုက်တယ် ပြန်မလွတ်လာဘူး။ ကချင်ပြည်နယ် မိုးညှင်းထောင်မှာလည်း လွတ်လူတစ်ယောက်မှ မရှိသေးပါဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်ကော်မရှင်ဟာ ဒီ အကျဉ်းထောင်တွေကို သေချာကိုမှ မလွှတ်ပေးတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဒီထောင်တွေကိုမှ ဘာလို့ ချန်ထားခဲ့တာလဲ။ ဒီနယ်မြေတွေကို ဘာလိူ့ မလွှတ်ပေးတာလဲဆိုတာ စစ်ကော်မရှင်ဘက်ကို ပြန်ပြီး သုံးသပ်ရမှာ ဖြစ်ပါတယ်”ဟု PPNM မှ တာဝန်ရှိသူက ပြောဆိုသည်။
ရွှေဘိုထောင်သည် နိုဝင်ဘာလ ၂၇ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂၈ဦး အား ထောင်အာဏာပိုင်များက လွတ်ငြိမ်းပေးရန်ဟုဆိုကာ ခေါ်ထုတ်သွားပြီးနောက် လွတ်ပေးခြင်းမရှိဘဲ အခြားအမှုများဖြင့် ထပ်မံ တရားစွဲဆိုထားလျက်ရှိကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင် မြစ်ကြီးနားထောင်၊ မိုးညှင်းထောင်တို့တွင်လည်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် လွတ်မြောက်လာခြင်း မရှိကြောင်း PPNM က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကော်မရှင်သည် နိုင်ငံရေးအကျဥ်းသားများကို မတရားပုဒ်မများတပ်ကာ ၎င်းတို့ ဖမ်းဆီးချင်သလို ဖမ်းဆီးပြီးနောက် လွတ်ငြိမ်း ပေးရာတွင်လည်း ညီမျှမှုမရှိဘဲ ၎င်းတို့ လွှတ်ပေးချင်သည့် အကျဉ်းထောင်များကိုသာ လွှတ်ပေးခဲ့သည့်အပြင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်ဖမ်းဆီးမှုများရှိနေသဖြင့် သတိချပ်ကြရန်လိုအပ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ယမန်နှစ် အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသော အကျဉ်းသားများ (ပုံအဟောင်းဖြစ်သည်)




