25 C
Yangon

နတ်တလင်းမြို့နယ်တွင် ကျေးရွာများကို ဗုံးလာကျဲသည့် စစ်တပ်၏ ဒရုန်း ၁ စီး ပျက်ကျပြီး PDF တပ်က သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၁ စီး ပျက်ကျပြီး သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ကြို့ပင်သာရွာထိပ်၌ရှိနေသော အကြမ်းဖက် စစ်သားများသည် သရက်ပင်ကံရိုးရွာ ထိပ်ဘက်ကို ဒရုန်းဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်စဉ် ပျက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဒရုန်းပျက်ကျခဲ့သောနေရာကို ၈၀၁ တပ်ရင်းမှ တပ်ခွဲ ၄ ၊ တပ်ခွဲ ၆ ၊ တပ်ခွဲ ၇ နှင့် တပ်ရင်း ဒရုန်းအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်တပ်ဒရုန်းကို သိမ်းဆည်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၈ ရက်နေ့က နတ်တလင်းမြို့နယ် ကြို့ပင်သာရွာထိပ်မှာရောက်နေတဲ့ အကြမ်းဖက် စစ်ခွေးတွေက သရက်ပင်ကံရိုးရွာ ထိပ်ဘက်သို့ ဒရုန်းလွတ်တင်ပြီး ဗုံးလာကျဲချချိန်မှာ ဒရုန်းပျက်ကျတာ စစ်ခွေးတွေက ကျေးရွာနေပြည်သူတွေကို ထိခိုက်သေဆုံးစေရန် ရည်ရွယ်ပြီး ရွာထဲကို ဒရုန်းနဲ့ ကျဲချ တိုက်ခိုက်တာ သူတို့ ပထမအကြိမ် ကျဲချပြီး ဒုတိယ အကြိမ် ကျဲချစဉ်မှာ ဒရုန်းပျက်ကျတာ ပြည်သူတွေ ထိခိုက်မှုတော့မရှိပါဘူး” ဟု ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှ တာဝန်ရှိသူက ပြောဆိုသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ယုတ်မာကောက်ကျစ်မှုများကို သတိဖြင့် နေထိုင်ကြရန်နှင့် လေကြောင်းအန္တာရာယ်၊ လက်နက်ကြီးပစ်ခတ်မှုများ အတွက် ဗုံးခိုကျင်းများ နေအိမ်ဝန်းကျင်၌ တူးထားကြရန် သတိပေးတိုက်တွန်းလိုကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို ဗုံးလာကျဲသော အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၁ စီးသည် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျက်ကျသွားသော ဒရုန်းကို သရက်ချောင်းရွာ အနောက်ဘက်တွင် သာယာဝတီဂဠုန်တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article