26 C
Yangon

လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုများပြား၊ စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ညင်းမော်ရွာထဲရှိ နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှု များပြား၍ လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ညင်းမော်ရွာထဲရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့ပေါ်မှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ညင်းမော်ရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် စစ်သင်္ဘောများနှင့် ထားဝယ်မြို့ပေါ်မှ စစ်သားများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဂျက်ဖိုက်တာဖြင့်လည်း ညင်းမော်ရွာအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ညနေပိုင်းထိ ပြင်းထန်ခဲ့ပြီး ညပိုင်းတွင် တိုက်ပွဲ ရပ်တန့်သွားသော်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ လောင်းလုံးမြို့ပေါ်ကို ပြန်လည် ဆုတ်ခွာခြင်းမရှိသေးသောကြောင့် စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက အခုထိတော့ ပြန်မဆုတ်သေးဘူး။ လောင်းလုံးမြို့နားမှာပဲရှိတယ်။ တိုက်ပွဲက အခုညပိုင်း ငြိမ်နေပေမယ့် စစ်ကြောင်းရှိနေသေးတော့ ရှေ့ဆက်ပြီးဖြစ်နိုင်သေးတယ်။ ပြည်သူတွေလည်း အကုန်တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေ အထိနာလို့ လေယာဉ်နဲ့ပါ ဗုံးလာကျဲသွားတာ စစ်ခွေးတွေ ထိခိုက်မှုများနိုင်တယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ် အတွင်းကို ဒီဇင်ဘာလ ၉ ရက်နေ့တည်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့တွင် ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article