■ စစ်တပ်၏ လုပ်ရပ်သည် “အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု” ဟု AA ပြောဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့သော ပြစ်မှုကျုးလွန်သူ ၊ ကျူးလွန်ရန် စေခိုင်းသူ နှင့် ပါဝင်ပတ်သက် သူများကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA က ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့) ၊ ည ၉ နာရီ ၁၃ မိနစ်ခန့်တွင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်က တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာ ၁ စီးပေါ်မှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် အကြမ်းဖက် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုကဲ့သို့ ဗုံးကျဲ တိုက်ခိုက်ခံခဲ့ရသောကြောင့် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ အဓိက ခွဲစိတ်ခန်းမ အပါအဝင် ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အစရှိသော မြောက်ဦးပြည်သူ့ဆေးရုံကြီး တစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံပတ်ဝန်းကျင်ရှိ လူနေအိမ် အဆောက်အအုံအချို့ပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ဗုံးကြဲ တိုက်ခိုက်မှုဖြစ်စဉ်၌ ဆေးရုံအတွင်း ဆေးကုသခံယူ နေကြသော အပြစ်မဲ့အရပ်သားပြည်သူများ၊ ၃ လသားအရွယ် မိန်းကလေး ၁ ဦးအပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အခြားသော ဆေးကုသမှုခံယူနေကြသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၇၆ ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုသို့ ဒဏ်ရာရရှိခဲ့သူများအထဲတွင် အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်း အချို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးသည် အာရက္ခဒေသအတွင်း နေထိုင်ကြသည့် လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးနေသော အာရက္ခပြည်သူလူထု အားကိုးအားထားအပြုရဆုံး ဆေးရုံကြီးတစ်ရုံ ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်မရှင်နှင့် အာရက္ခတပ်တော်တို့ နှစ်ချီတိုက်ပွဲများ ဖြစ်ပွားကာ ယနေ့အချိန်အထိ တိုက်ပွဲများပြင်းထန်နေသည့်ကာလ၊ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများအပါအဝင် အခြေခံဆေးဝါးများ ပိတ်ဆို့ဖြတ်တောက် ခံထားရသည့်ကာလ၊ အိမ်နီးချင်းနိုင်ငံများမှ ဆေးဝါးများ အလွယ်တကူ ဝယ်ယူမရရှိနိုင်သည့်ကာလများနှင့် အခက်ခဲအကြမ်းတမ်းဆုံး အချိန်ကာလများကို သိမ်မွေ့စွာဖြတ်သန်းနေရသောကာလလည်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အခက်အခဲမျိုးစုံကြားမှ အရပ်သား ပြည်သူများကို လူမျိုး၊ ဘာသာမရွေး ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် မြောက်ဦးပြည်သူ့ဆေးရုံကြီးကို တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှ အကြမ်းဖက် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် စစ်ကော်မရှင်၏ လုပ်ရပ်သည် လွန်စွာ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ် ဖြစ်သည်သာမက အာရက္ခဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်မရှင် ကျူးလွန်သည့်အထဲ “အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု” ၊ “အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက် ဒဏ်ရာရ၊ သေဆုံးမှုအများဆုံးဖြစ်စဉ်တစ်ခု” လည်း ဖြစ်ကြောင်း AA က ပြောဆိုထားသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ် ပဋိပက္ခ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှ ပြေလည်နိုင်မည်ဟု နားလည် လက်ခံထားကြောင်း၊ သို့သော်လည်း နိုင်ငံရေးအရ မဖြေရှင်းနိုင်သေးသည့် အခြေအနေနှင့် အဖြေရှာရန် လမ်းစမရသေးသော အခြေအနေများအောက်တွင် စစ်ရေးအရ မလွှဲမရှောင်သာ လုပ်ဆောင်နေရသော်လည်း နိုင်ငံတကာ စစ်ဥပဒေအတိုင်း လိုက်နာပြီး အရပ်သားပြည်သူလူထုများ ထိခိုက်နစ်နာစေမည့်လုပ်ရပ်များကို အတတ်နိုင်ဆုံး ရှောင်ရှားလျက်ရှိကြောင်း AA က ဆက်ပြောဆိုထားသည်၊
ထို့ပြင် စစ်အတွင်း လိုက်နာကျင့်သုံးရမည့် စစ်ကျင့်ဝတ်များကို တပ်ဖွဲ့ဝင်များကို တိကျစွာ လမ်းညွှန်ထားပြီး လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ စစ်သားအချင်းချင်းတိုက်ခိုက်သည်မှာ စစ်၏သဘောသဘာဝအရ ပြောစရာမလိုသော်လည်း အရပ်သားပြည်သူလူထုများရှိရာ မြို့၊ ရွာများနှင့် ပြည်သူ့ဆေးရုံကြီးများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူများ အစုလိုက်၊ အပြုံလိုက် သေစေနိုင်သော လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုမျိုးမှာ ယဉ်ကျေးသော ကမ္ဘာကြီးနှင့် လူ့အသိုင်းအဝိုင်းက မည်သို့မျှ လက်သင့်ခံ၍ မရနိုင်သော အကျည်းတန် စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်များပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ယခုကဲ့သို့ အများပြည်သူပိုင် ဆေးရုံ၊ ဆေးခန်းများ၌ ဆေးကုသမှုခံယူနေကြသော အပြစ်မဲ့ အရပ်သား ပြည်သူများအပေါ် ပြစ်မှုကျူးလွန်ခံရခြင်းနှင့်ပတ်သက်၍ တရားမျှတမှုရရှိရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အနေဖြင့် တရားမျှတမှုကို ချစ်ခင်မြတ်နိုးသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ တရားမျှတမှု ရရှိသည်အထိ ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ပြစ်မှုကျုးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူနှင့် ပါဝင်ပတ်သက် သူများအား ပြင်းထန်စွာ လက်တုံ့ပြန်သွားမည် ဖြစ်ပါသည်” ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရက္ခဒေသ အပါအဝင် မြန်မာနိုင်ငံအနှံ့မှ အပြစ်မဲ့ အရပ်သားပြည်သူများကို ယခုကဲ့သို့ နေ့စဉ်ရက်ဆက် တမင်တကာ ရည်ရွယ်ချက်ရှိရှိ အဓိက ပစ်မှတ်ထားတိုက်ခိုက်နေသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုများကို နိုင်ငံတကာအနေဖြင့် လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးကြပါရန် အားကိုးစွာဖြင့် အကူအညီတောင်းခံအပ်ကြောင်း၊ ဤကဲ့သို့တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြသော အပြစ်မဲ့ အရပ်သား ပြည်သူလူထုများအတွက် တရားမျှတမှုရရှိစေရန်နှင့် ကျူးလွန်ခဲ့သောသူများကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်ရန်ကိုလည်း မတရားကျူးလွန်ခံခဲ့ရသော သူများကိုယ်စား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်းနိုင်ငံများထံသို့ တလေးတစား အကူအညီတောင်းခံအပ်ကြောင်း ပြောဆိထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ၂ နှစ်တာ ကာလများအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခဒေသအတွင်း၌ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များမဟုတ်သော အပြစ်မဲ့အရပ်သားပြည်သူလူထုများ နေထိုင်၊ သွားလာလှုပ်ရှားရာ အရပ်ဘက်နေရာ များသို့ တမင်တကာ လေကြောင်း တိုက်ခိုက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၁၅၂ ဦး သေဆုံးခဲ့ရပြီး ၂၁၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မတရား ဖမ်းဆီးခံခဲ့ရသူ ၁၀၃၄ ဦးအထိ ရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် မှ နိုဝင်ဘာလ ၂၈ ရက်နေ့ထိ တစ်နှစ်တာနီးပါးကာလအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်က စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ဂွမြို့နယ်နှင့် ပလက်ဝ တို့တွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှု၊ စစ်ရာဇဝတ်မှုမြောက်သော လေကြောင်းတိုက်ခိုက်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၅၀၂ ဦး၊ သေဆုံးသူ စုစုပေါင်း ၁၉၂ ဦး နှင့် လူနေအိမ် စုစုပေါင်း ၅၉၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။






