30 C
Yangon

စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အရာရှိနှင့်စစ်သည်များကို ကြိုတင်မဲအဖြစ် စာရင်းသာပေးလိုက်ရပြီး ကိုယ်ထိလက်ရောက် မဲမပေးလိုက်ရဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

အကြမ်းဖက်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အရာရှိနှင့်စစ်သည်များအားလုံး ကြိုတင်မဲအဖြစ် စာရင်းပေးလိုက်ရပြီး ကိုယ်ထိလက်ရောက် မဲမပေးလိုက်ရကြောင်း တပ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သန်လျင်ရေတပ်စခန်းဌာနချုပ်မှ သတင်းရင်းမြစ်က သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များအလိုက် အရာရှိနှင့်စစ်သည်များ၏ စာရင်းများကို ကြိုတင်မဲအဖြစ် ပေးမည်ဖြစ်ပြီး ယင်းကြိုတင်မဲများကိုလည်း ကြံ့ဖွတ်ပါတီကိုသာ ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင်မဲ ကောက်ခံမှုနှင့် မဲပေးပွဲများ ပြုလုပ်မည်မဟုတ်ဘဲ စာရင်းသာ တင်ပြရကြောင်း၊ တချို့ တပ်ရင်းတပ်ဖွဲ့များတွင်မူ စံပြမဲရုံပုံစံဖြင့် ပြုလုပ်မည်ဟု အသိပေးလာကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တပ်ရင်းတပ်ဖွဲ့တွေကို ကြိုတင်မဲစာရင်းအဖြစ် စာရင်းသွင်းသွားပြီ။ ကြိုတင်မဲကလည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်အရ ပြည်ခိုင်ဖြိုးပါတီကိုပဲ ပေးရမယ်လို့ပြောပါတယ်။ ကြိုတင်မဲ ပေးရတာမျိုး မလုပ်လိုက်ရဘူး။ တပ်မိသားစုဝင်တွေကတော့ ရွေးကောက်ပွဲနေ့ မှာ မဲရုံလုပ်ပေးမယ်လို့ ပြောပါတယ်” ဟု သန်လျင်ရေတပ်မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

တပ်မိသားစုဝင်များအနေဖြင့်လည်း ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး တပ်မတော်နှင့်အတူ တွဲဖက်အလုပ်နိုင်သော နိုင်ငံရေးပါတီကိုသာ မဲပေးရမည်ဖြစ်ပြီး ထိုသို့သော ပါတီမှာလည်း ကြံ့ခိုင်ရေးပါတီတစ်ခုတည်းသာ ရှိသည်ဟု တပ်ရင်းတပ်ဖွဲ့များ၏ ထိပ်ပိုင်းအရာရှိကြီးများက အမိန့်ပေးလမ်းညွှန်ကြောင်း သိရှိရသည်။

“တပ်မိသားစုဝင်တွေက တပ်မတော်နဲ့ အဆင်ပြေတဲ့ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးခိုင်းတယ်” ဟု မင်္ဂလာဒုံမြို့နယ်၊ ထောက် ကြံ့မြို့ရှိ ခမရ ၁၀၆ တပ်ရင်းမှ တပ်မိသားစုဝင်တစ်ဦးက ရှင်းပြသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) နှင့် ဗဟိုမီးသတ်သင်တန်း ကျောင်း(ပြင်ဦးလွင်)တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား၊သင်တန်းသူများကို တွေ့ဆုံစဉ် မင်းအောင်လှိုင်က ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ စစ်တပ်က နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်း (Institution) ဖြစ်သဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ ဆန္ဒမဲပေးရန်လိုကြောင်း အမိန့် ပေးညွှန်ကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article