မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ဖိုးဝသိမ်ရွာမှ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင် နှင့် ရှမ်းစုရွာတွင် နေထိုင်သော အသက် ၅၀ နှစ်အရွယ် ဦးမောင်လုံး တို့သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းမှာ ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာအတွင်းကို စစ်ခွေးတွေဘက်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ ပစ်လို့ ဖိုးဝသိမ်ရွာမှာ နေထိုင်တဲ့ ဦးကြည်လွင် နဲ့ ရှမ်းစုရွာမှာ နေထိုင်တဲ့ ဦးမောင်လုံး တို့ပွဲချင်းပြီး သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ပိုင်း သစ်ဆိမ့်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုးကုတ်မြို့နယ်၊ အနောက်ပိုင်း သစ်ဆိမ့်ကုန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးကုတ်မြို့ပြင် ဆက်အင်းပြန့်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာကိုလည်း မိုးကုတ်မြို့ အတွင်းရှိ မစိုးရိမ်တိုက်သစ်ဘုန်းကြီးတောင်ကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ဗျူဟာကုန်းမှ စစ်သားများက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။




