မွန်ပြည်နယ်တွင် ဝန်ကြီးချုပ် ညိုစော၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပါဝင်သော Puma Power စွမ်းအင်ကုမ္ပဏီ၏ စက်သုံးဆီ မသမာမှုများကြောင့် ဆီပြတ်လပ်မှု ပြဿနာကို အရေးယူမှု မရှိကြောင်း စက်သုံးဆီ အသိုင်းအ၀ိုင်းက ပြောဆိုသည်။
မွန်ပြည်နယ်သို့ စက်သုံးဆီ တင်သွင်း ရောင်းချခွင့်ကို ဝန်ကြီးချုပ်ညိုစောက ၄၀ ရာခိုင်နှုန်း ရှယ်ယာပါဝင်နေသော Puma Power က လုပ်ကိုင်ခွင့်ရရှိနေပြီး အဆိုပါကုမ္ပဏီက စက်သုံးဆီများ တင်သွင်းပြီး ခွဲတမ်းချပေးရာတွင် စျေးနှုန်းမှန်မှန်ကန်ကန် ခွဲတမ်းမချပေးခြင်း၊ စက်သုံးဆီများကို ထုတ်မရောင်းပေးခြင်း၊ ဆီများကို မှောင်ခိုခိုးထုတ်ခြင်းတို့ကြောင့် မွန်ပြည်နယ်တွင် မကြာခဏဆိုသလို ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းသို့သော အခြေအနေများကို စက်သုံးဆီ အသိုင်းအ၀ိုင်းက စစ်ခေါင်းဆောင်ထံသို့ တိုင်ကြားသော်လည်း တစ်စု့တစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။
“Puma Power မှာ ဦးညိုစောက ရှယ်ယာ ၄၀ ရာခိုင်နှုန်းပါနေတယ်။ မွန်ပြည်နယ်တစ်ခုလုံးရဲ့ ဆီလုပ်ခွင့်ကို Puma Power က အများစု လုပ်ခွင့်ရတယ်။ ဥပမာ BOC ဆိုရင် ရှမ်းတောင်တစ်ခုလုံး လုပ်ခွင့်ရတယ်။ ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေ ပေါင်းပြီး တစ်နိုင်ငံလုံးကို ခွဲခြမ်းယူထားကြတာ။ မွန်ပြည်နယ်မှာ ဆီပြတ်လပ်မှုဖြစ်တာကလည်း ခွဲတမ်းချမပေးတာ၊ မှောင်ခိုထုတ်တာနဲ့ ဆီစျေးနှုန်းကို မှန်မှန်ကန်ကန်ရောင်းမပေးတာကြောင့်ဖြစ်တော။ အဲဒါကို အရေးယူမှုမရှိဘူး။ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ Puma Power International Port Terminal ဆိပ်ကမ်းရှိတယ်။ အဲဒီကို မွန်ပြည်နယ်အတွက် သင်္ဘောနဲ့ ဆီတွေတင်နေတာ” ဟု စက်သုံးဆီအသိုင်းအ၀ိုင်းက ပြောဆိုသည်။
ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့တွင် စက်သုံးဆီများ အကြီး အကျယ် ပြတ်လပ်ခဲ့ပြီး အဓိက ပြတ်လပ်မှု အကြောင်းတရားမှာ Puma Power ကုမ္ပဏီ၏ မသမာမှုများကြောင့်ဖြစ် ကြောင်း၊ သို့ရာတွင် ဝန်ကြီးချုပ် ညိုစော နောက်ခံ ရှိသည့်အတွက် မည်သည့်အရေးယူမှုမရှိဘဲ လက်ရှိအချိန်အထိလည်း မွန်ပြည်နယ်၏ စက်သုံးဆီအသိုင်းအ၀ိုင်းအတွက် လက်ဝါးကြီးအုပ်မှုနှင့် မသမာမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင်လကုန်မှစတင်၍ ဝန်ကြီးချုပ်ဖြစ်လာသော ညိုစောမှာ လက်ရှိတွင် စီးပွားရေးသောင်းကျန်းမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး စစ်တပ်အတွင်း လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်ခြစားမှုများဖြင့် အပုတ်နံ့ လှိုင်လှိုင်ထွက်နေသော်လည်း မင်းအောင်လှိုင်က အရေးယူမှု မရှိကြောင်း နေပြည်တော်စစ်ဘက်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
နိုဝင်ဘာလအတွင်း ဝန်ကြီးချုပ် ညိုစော၏ သူငယ်ချင်းအရင်းဖြစ်သူ ဒုဝန်ကြီး ဦးသန့်စင်နှင့် စွမ်း အင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော် တို့ကို စက်သုံး ဆီတင်သွင်းခွင့်နှင့် ဆီခွဲတမ်းများ ချထားပေးရာတွင် ငွေကျပ် ဘီလီယံ ၅၄၀ ကျော် အခွန်ကွာဟမှု ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ထောက် လှမ်းရေးက ဖမ်းဆီးအရေးယူခဲ့သည်။
ဖမ်းဆီးခံရသော စွမ်းအင်ဒုဝန်ကြီး သန့်စင်က စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ကြီးချုပ် ညိုစောထံမှ အတည်ပြုချက်ရယူ၍ စက်သုံးဆီ ခွဲတမ်းချပေးခြင်း၊ တင်သွင်းခွင့်နှင့် သယ်ယူခွင့်ပေးခြင်းများကို ခွင့်ပြုပေးခဲ့ရသူဖြစ်သည်။
စွမ်းအင်ဒုဝန်ကြီး သန့်စင်၏ အဂတိလိုက်စားမှုတွင် ဝန် ကြီးချုပ် ညိုစော တစ်နည်း တစ်ဖုံ ပါဝင်ပတ်သက်လျက်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ညိုစော ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီကလည်း ၄ လအတွင်း သွင်းကုန်လိုင်စင်များနှင့် နိုင်ငံခြားငွေအသုံးပြုခွင့်များကို နီးစပ်သော အသိုင်းအ၀ိုင်းကို ချထားပေးခဲ့ရာ ယင်းကဲ့သို့ မမှန်မကန်လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုများရှိနေကြောင်း သိရှိရသည်။
ညိုစောမှာ စစ်တပ်တွင် ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အကြမ်းဖက် မင်းအောင်လှိုင်က အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီး သန်းရွှေခေတ်တွင်လည်း သန်းရွှေ၏ စိတ်ချ ယုံကြည်အားကိုးရသော တပည့်ရင်းတစ်ဦးဖြစ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။
ညိုစောသည် ၂၀၂၀ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ်မှ အနားယူခဲ့ပြီး စစ်တပ်၏ အရန်အင်အားစာရင်းသွင်းခံခဲ့ရာမှ နောက်ဆုံးတွင် ဝန်ကြီးချုပ်ဖြစ်လာသူလည်းဖြစ်သည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်း ညိုစောမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC ဥက္ကဋ္ဌ၊ အင်း၀ဘဏ် ဥက္ကဋ္ဌ ၊ မင်းအောင်လှိုင်၏ အကြံပေး စသည့် ရာထူးများစွာကို ရယူခဲ့သည့်အပြင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက် ချုပ် စသည့် ရာထူး တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့ကာ အထက်နှင့်အောက် ဝေစား၊ မျှစား အကြား သဟဇာတ ဖြစ်အောင် နေထိုင်တတ်လွန်းသူ နာမည်ကြီးကာ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက အထူးသဘောကျခဲ့သူတစ်ဦးဖြစ်သည်။







