အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ရွေး ကောက် ပွဲကာလတွင် စစ်ရေး သတိရှိနေကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတိပေးသည်။
ယမန်နေ့ ရန်ကုန်မြို့ မှော်ဘီတွင် ပြုလုပ်သည့် အမျိုးသမီး ဗိုလ်လောင်းသင် တန်းဆင်းပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
အကြမ်းဖက် စစ်တပ်အနေဖြင့် လက်နက်ကိုင် တောင်းဆိုမှုများအပေါ် လိုက် လျောဖြေလျှော့ ပေးသွားမည်မဟုတ်ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် ကာလအတွင်းတွင်လည်း ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် အမြဲ တမ်း စစ်ရေး အသိ၊ စစ်ရေးသတိ ရှိနေကြရန်လိုသည်ကို တိုက်တွန်းမှာကြားလိုကြောင်း မင်းအောင်လှိုင်က သတိပေးသည်။
လက်ရှိ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အချို့မှာ (NCA)ပါကတိကဝတ်များကို လိုက်နာမှုမရှိဘဲ သိသိသာသာချိုးဖောက်နေကြောင်း၊ ထို့အပြင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ရောက်ရှိလာခဲ့ခြင်းမရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင် တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန်အချိန်တန်ပြီဖြစ်ကြောင်း မင်းအောင် လှိုင်က ဆက်လက်ပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၁)၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)တွင် “တပ် မ တော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့ ကြောင့် ပြဋ္ဌာန်းချက်နှင့်အညီ စစ်တပ်က ဒို့တာဝန်အရေးသုံးပါးကို အစဉ် တစိုက် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးဖြစ်သည့် စစ်တပ်အနေဖြင့် ဆောင်ရွက်နေသမျှအရာအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လျှောက်လှမ်းနေခြင်းဖြစ်ပြီး ဥပဒေကို ကျော်လွန်ဆောင်ရွက်ခြင်းမျိုးမရှိကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
ထို့ပြင် စစ်တပ်က ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားသည်။




