28 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ လိန်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၁ တစ်လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး အသက် ၄၆ နှစ်အရွယ် စောဖားဟော် ဗုံးစထိမှန်သေဆုံးကာ နေအိမ် ၃ လုံး၊ လက်တွန်းထွန်စက် ၂ စီးနှင့် သိန်း‌ ၆၀ တန်ဖိုးရှိ ကုန်စုံဆိုင် ၁ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် နွား ၆ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင် နတ်သံကွင်း အထိုင်တပ်မှ အကြမ်းဖက် စစ်သားများက လက်နက်ကြီး ၁၂၀ မမ ၃ လုံးဖြင့် ရွှေခဲစုကျေးရွာ အတွင်းသို့ ပစ်ခတ်ခဲ့ရာ အသက် ၄၇ နှစ်အရွယ် ဒေါ်ထွေးထွေး ဗုံးစ ထိမှန်ပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၃ လုံး၊ နွားတဲ ၁ လုံး နှင့် ထော်လာဂျီ ၁ စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ နတ်သံကွင်းမှ စစ်သားများက ဒရုန်းဖြင့် ကျောက်စရစ် အရှေ့ဘက်ကမ်းကျေးရွာအတွင်းကို ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆေးပေးခန်းပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကျေးရွာဆေးပေးခန်း ၁ လုံးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးကလည်း ကျောက်စရစ်အနောက်ဘက်ကမ်း ကျေးရွာဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် သက်တောင် ၇၈ နှစ် ဦးဇင်းဦးစန္ဒိမာ ဗုံးစထိမှန်ပြီး ပျံလွန်တော်မူကာ အသက် ၇၆ နှစ်အရွယ် ဒေါ်စိန်မြိုင်လည်း ဗုံးစထိမှန် သေဆုံးခဲ့ကြောင်း၊ အသက် ၁၃ နှစ်အရွယ် မောင်နေဇော်အောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်အုပ်စု၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများသည် ပစ္စည်းဥစ္စာများ၊နေအိမ်နှင့် အသက်ပေါင်းများစွာပါ ထိခိုက်ပျက်စီးသေဆုံးမှုနှင့် နေရပ်စွန့်ခွာထွက်ပြေးနေရမှုများကြုံတွေ့နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article