ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂ ခုဖြစ်သော Su Latt Myint Mo Services Agency နှင့် Nay Won Kabar Agency တို့က ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ လူ ၁ ဦးလျှင် ငွေကျပ် သိန်း ၂၀၀ ကျော်နှုန်းဖြင့် လူ ၁၀၀၀ ကျော်ထံမှ ငွေကျပ် သိန်းသောင်းချီ လိမ်လည် ထွက်ပြေးသွားကြောင်း ကိုယ်တိုင်ငွေလိမ်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။
ရန်ကုန်အခြေစိုက် Su Latt Myint Mo Agency က ဂျပန်နိုင်ငံတွင် ဘိုးဘွားစောင့်ရှောက်ရေးအလုပ်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ ဂျပန်လူမျိုးများနှင့် တွေ့ဆုံ ဟန်ဆာင်လိမ်ညာအင်တာဗျူးများ စီစဉ်ပေးခဲ့ကြောင်း၊ ထို့မှ တစ်ဆင့် အင်တာဗျူး အောင်မြင်သည်ဟု ဆိုကာ ငွေကြေးအများအပြား တောင်းခံ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ဂျပန်အလုပ်အကိုင် အင်တာဗျူးအောင်မြင်သည်ဆိုကာ ဂျပန်သွားရောက်လိုသော လူငယ် ၁၀၀၀ ကျော်ထံမှ ပထမအကြိမ် ဒေါ်လာ ၁၀၀၀ ၊ ကျပ် ၄,၆၀၀,၀၀၀ နှင့် Camp ကြေး ကျပ် ၁,၆၅၀,၀၀၀၊ မေလ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ် ဒေါ်လာ ၁၀၀၀ ၊ မြန်မာငွေ ကျပ် ၄,၆၀၀,၀၀၀ တောင်းယူခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့တွင် ဂျပန်သွားမည့် သူများကို စခန်းသွင်း Camp သွင်းခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ယင်းနောက် ဂျပန်နိုင်ငံသို့ ၆ လမှ ၁၀ လအတွင်း ပို့မည်ဟု ပြောဆိုပြီး နိုဝင်ဘာလ ၂၂ ရက်နေ့မှ စ၍ အေဂျင်စီက ငွေပေးထားသော လူငယ်များအားလုံးကို အဆက်အသွယ် ဖြတ်တောက် တိမ်းရှောင်သွားကြောင်း ငွေကြေး လိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“ တာချီလိတ်က တစ်ဆင့် ဂျပန်ပို့ပေးမယ်ဆိုပြီး ပြောတာ။ တစ်ဦးကို သိန်း ၁၀၀ ၊ ၂၀၀ ယူထားတာ။ ခု MOEAA ကို တိုင်ထားတယ်။ ပတ်စ်ပို့စ်စာအုပ်ကိုလည်း ယူထားတယ်။ ဂျပန်လူမျိုး အင်တာဗျူးဆိုတာလည်း အလိမ်ပဲ” ဟု ကိုယ်တိုင် ငွေကြေးလိမ်လည်ခံရတစ်ဦးက ပြောဆိုသည်။
Su latt Myint Mo Agency နှင့် Nay Won Gabar ကုမ္ပဏီတို့သည် ကုမ္ပဏီတူဖြစ်ပြီး ဂျပန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူများထံမှ သိန်းပေါင်း သောင်းချီ လိမ်လည်၍ ရှောင်တိမ်းထွက်ပြေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လတ်တလော စစ်တပ်၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ်တို့ကို တိုင်ကြားထားသော် လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိသေးကြောင်း၊ ထွက်ပြေးသွားသော အေဂျင်စီ ၂ ခုမှာလည်း ရုံးခန်းများပါ ပိတ်၍ သတင်းစုံစမ်းမရဖြစ်နေကြောင်း၊ ပြည်ပသွားရောက်မည့် လူငယ် ၁၀၀၀ ကျော်မှာ နိုင်ငံကူးလက်မှတ်များပါ ဆုံးရှုံးနေကြောင်း သိရှိရသည်။





