ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ ဦးထုပ်စက်ရုံမှ တရားဝင် မြန်မာအလုပ်သမား ၂၀၀ ကျော်၏ အလုပ်လုပ်ခွင့် သက်တမ်းတိုးခ ထိုင်းဘတ် ၂ သန်းကျော်ကို မြန်မာပွဲစားတစ်ဦးက လိမ်လည် ထွက်ပြေးသွားပြီး သက်တမ်းတိုးခ လိမ်လည်ခံရသည့် အလုပ် သမားများ အထောက်အထားပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးနေရကြောင်း MHAC မဟာမိတ်အဖွဲ့မှ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့သို့ လိမ်လည်ခံရမှုအတွက် အလုပ်သမားများက အလုပ်ရုံတွင် စုဝေး၍ ဆန္ဒထုတ်ဖော်တောင်းဆိုနေကြကြောင်း၊ ၎င်းတို့၏ CI စာအုပ်နှင့် ပတ်စပို့စာအုပ်များကိုလည်း ထိုင်းပတ်စပို့ရုံးက သိမ်းဆည်းထားမှုအတွက်လည်း ပြန်လည်ရရှိအောင် တောင်းဆိုခြင်းလုပ်ငန်းများ ဆက်လုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
“ပတ်စပို့ရုံးက သိမ်းထားတဲ့ သူတို့ စာအုပ်တွေကတော့ သူတို့ လက်ဝယ်တော့ လောလောဆယ် မရသေးဘူး။ ဒါကို ကျွန်တော်တို့ အဖွဲ့အစည်းက ပြန်ရအောင် တောင်းပေးမယ်။ ဒါ ပေးကို ပေးရမှာ ဖြစ်တယ်။ နောက်တစ်ချက်က အလုပ်သမားတွေက ၂၀၀ ကျော်ထဲမှာမှ ၅၀ လောက်ပဲ စာရင်းဝင်တာ ကျန်တဲ့ အလုပ်သမားတွေ စာရင်းမဝင်ဘူး။ ပွဲစားလိမ်သွားတဲ့အတွက် အလုပ် သမားတွေ လူဟောင်းစာရင်းထဲမှာ မဝင်တော့ဘူး။ ဒီ အလုပ်သမားတွေက Black ဖြစ်သွားတဲ့ ပုံစံဖြစ်သွားတာ။ လော လောဆယ်အခြေအနေက ကျွန်တော်တို့က အလုပ်သမားတွေရဲ့ အခြေအနေကို သက်ဆိုင်ရာ ဆဝါဒီကန် ရုံးကို သတင်းပို့ပြီးတော့ စက်ရုံရဲ့ အခြေအနေကို ဝင်ရောက် စစ်ဆေးပေးဖို့ သတင်းပို့ထားတယ်” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလုပ်သမားများသည် တစ်ဦးလျှင် ဘတ် ၉၀၀၀ ဝန်းကျင် ပေးသွင်းထားကြရပြီး လူ ၂၀၀ ကျော်ဖြစ်သည့်အတွက် မြန်မာပွဲစားက ဘတ် ၂ သန်းကျော် လိမ်ပြေးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ငွေကြေးလိမ်လည်မှုအတွက် ထိုင်း ပတ်စ်ပို့ရုံးတွင်လည်း မြန်မာအလုပ်သမားများက စုဝေး၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကြာသပတေးနေ့က မြန်မာအလုပ်သမားတွေ စုဝေးတဲ့ ရုံးက မြန်မာပွဲစား လူသွင်းပြီးတော့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ထိုင်း ပတ်စပို့ရုံးဖြစ်ပါတယ်။ နောက် အလုပ်သမားတွေက သူတို့ အလုပ်လုပ်နေတဲ့ အလုပ်ရုံမှာ စုဝေးပြီးတော့ အထောက် အထားသက်တမ်းတိုးတွေ အချိန်မီဖို့ ၊ နောက် သူတို့ ပုံစံ တစ်မျိုးနဲ့ အထောက်အထားပြန်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အခု MHAC အဖွဲ့ကတော့ သူတို့လက်ဝယ်အထောက်အထားပြန်လည် ရရှိရေးကြိုးစားပေးသွားမှာ ဖြစ်ပါတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် ယခုဒီဇင်ဘာလအတွင်း တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းအစိုးရက မှတ်ပုံတင်ခွင့် ၁၅ ရက်ပေးထားပြီး အလုပ်သမားများအတွက် အလုပ်လုပ်ခွင့်မှတ်ပုံတင်မှုအတွက် အလိမ်အညာများစွာလည်း ပေါ်ပေါက်လျက်ရှိကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။





