25 C
Yangon

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် Gyrocopter ၃ စီး စက်စမ်းလေ့ကျင့်နေစဉ် ၁ စီးပျက်ကျပြီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် Gyrocopter ၃ စီး စက်စမ်းလေ့ကျင့်နေစဉ် ၁ စီးပျက်ကျပြီး ၂ ဦးသေဆုံးခဲ့ကြောင်း Monywa Revolution မှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ မိတ္ထီလာရှမ်းတဲ လေတပ်မှ ရောက်ရှိလာသော Gyrocopter ၃ စီးကို စက်စမ်းလေ့ကျင့်နေစဉ် ၁ စီးပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ Gyrocopter ပျက်ကျခြင်းကြောင့် မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်သားများက Gyrocopter ပျက်ကျသွားသော နေရာကို အင်အားအလုံးအရင်းဖြင့် ရောက်လာပြီး ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ ညနေပိုင်းမှာပျက်ကျတာ ဘယ်သူမှ ပစ်ချတာလဲမဟုတ်ဘူး။ သူတို့ဘာသာ စက်စမ်းနေရင်းနဲ့ ပျက်ကျတာ သူတို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နားပဲ ပျက်ကျတာဆိုတော့ ဓာတ်ပုံလည်း မရိုက်လိုက်နိုင်ဘူး။ စစ်ခွေးတွေက ချက်ခြင်းကို ရောက်လာပြီး ရှင်းလင်းရေး လုပ်ဆောင်သွားတယ်” ဟု Monywa Revolution မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ နိုဝင်ဘာ ၆ ရက်နေ့ကလည်း ဖြူးမြို့နယ်၊ ပဒက်ခင်ရွာနှင့် တံခွန်တိုင်ရွာ အကြားတွင် အကြမ်းဖက် စက်တပ်၏ Gyrocopter ၁ စီး ပျက်ကျခဲ့ပြီး မောင်းနှင်းသူ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူ ၂ ဦးလိုက်ပါနိုင်သော Gyrocopter အမျိုးအစား ရဟတ်ယာဉ် ၁ စီး (နိုင်ငံတကာဓာတ်ပုံကို နမူနာအဖြစ် ပြသ သုံးစွဲထားခြင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article