ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဒေါနတောင်ခြေတွင် အသစ်တည်ဆောက်နေသော BGF ၏ ကျားဖြန့်နေရာသစ်သို့ တရုတ်များနှင့် နိုင်ငံခြားသားများ ရွှေ့ပြောင်းရာတွင် စစ်တပ်က ပူးပေါင်းပါဝင်နေကြောင်း အဆိုပါမြို့သစ်တွင် ရောက်ရှိနေသော ကျားဖြန့် ကရင်အလုပ်သမားများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်လက်အောက်ခံ BGF များက ဒေါနတောင်ခြေတွင် ကျားဖြန့် မြို့သစ်များကို ဆက်တိုက်တည်ဆောက်နေရာတွင် စစ်တပ်က ၎င်းတို့၏ ဂိတ်များမှတစ်ဆင့် တရုတ်များနှင့်နိုင်ငံခြားသားများကို ဒေါနတောင်ခြေသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
“နိုဝင်ဘာလ၂၆ ရက်နေ့၊ နိုဝင်ဘာလ ၂၇ ရက်နေ့ က အံဇာတုန်းကားတွေနဲ့ တရုတ်တွေနဲ့ နိုင်ငံခြားသားတွေကို တင်ပြီးတော့ စစ်တပ်ကလမ်းကြောင်းကားနဲ့ ဒေါနတောင်ခြေကို ရွှေ့ပါတယ်။ BGF နဲ့ စစ်တပ် ပေါင်းသယ်ကြတာ။ ပြီးတော့ တရုတ်တွေ အားလုံးမှာ ၁၃/ မှတ်ပုံတင်တွေအားလုံးပါပါတယ်။ ဂိတ်တွေကို ဖြတ်တော့လည်း တပ်က ဖြတ်ခွင့်ပေးတာပါ။ ကျားဖြန့် နေရာ သစ်တွေဆီကို သယ်ကြတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဒေါနတောင်ခြေ သစ်ကတေ့ကျေးရွာနှင့်ပတ်ဝန်းကျင်တွင် ကျားဖြန့် အဆောက်အအုံအသစ်များ ရက်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် တည်ဆောက်နေပြီး စစ်တပ်လက်အောက်ခံ BGF မှ ဗိုလ်တင်ဝင်းက KK Park နှင့် ရွှေကုက္ကိုလ်မှ တရုတ်သူဌေးများနှင့် အရေးပါသော ကျားဖြန့် လုပ်သားများကို ရွှေ့ပြောင်းပေးနေကြောင်း သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်၊ KK Park နှင့် ရွှေကုက္ကိုလ် ကျားဖြန့်ဝင်းများကို စစ်တပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင် လာပြီးနောက် အဆိုပါ နေရာများမှ အရေးပါသော တရုတ်သူဌေးများ၊ အရေးပါသော ကျားဖြန့်ငွေလိမ်ဂိုဏ်းခေါင်းဆောင်များမှာ ဒေါနတောင်ခြေ၊ သစ်ကတော့ကျေးရွာသို့ BGF အကူအညီဖြင့် ရွှေ့ပြောင်းနေကြကြောင်း၊ ဒေါနတောင်ခြေတွင် ကျားဖြန့် အဆောက်အအုံဝင်းများ ရက်ပိုင်းအတွင်း အကြီးအကျယ် ထပ်မံ ဆောက်လုပ် ပေါ်ပေါက်နေကြောင်း၊ လက်ရှိ ကျားဖြန့် အဆောက်အအုံများကို အဓိက တာဝန်ယူ တည်ဆောက်နေသူမှာ BGF တပ်ဖွဲ့မှ ဗိုလ်တင်ဝင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ရေ၊ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများကို သွယ်တန်းနေပြီး မြေပြင်တွင်လည်း လမ်းများ ဖောက်လုပ်နေကြောင်း၊ အဆောက်အအုံသစ်များကိုလည်း အမြန်တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
“ဘာမှတော့ မပြည့်စုံသေးဘူး။ လူတွေက အရမ်းကိုများတယ်။ ထောင်ချီပြီးတော့ကို ရှိတာ။ ဖာရုံတွေနဲ့ KTV တွေလည်း ဖွင့်နေပြီ။ ကုန်စုံဆိုင်တွေလည်းဖွင့်နေပြီ။ လုပ်ငန်းတွေလည်း ပြန်စနေပြီ” ဟု ယင်းကျားဖြန့်နေရာသစ်တွင် ရောက်ရှိနေသောကရင်အလုပ်သမားတစ်ဦးကရှင်းပြသည်။
လတ်တလော သစ်ကတီကျေးရွာနှင့် ဖားကလူးကျေးရွာတွင် ကျားဖြန့် အဆောက်အအုံ တိုးချဲ့ အလုံး ၂၀ ကျော်ရှိပြီး မူလ အဆောက်အအုံများနှင့်ပေါင်းပါက အနည်းဆုံး အဆောက်အအုံပေါင်း ၅၀ ကျော်ရှိလာပြီဖြစ်ကြောင်း၊ ကျားဖြန့်အဆောက် အအုံသစ်များကို အလျှင် အမြန်ဆောက်လုပ်နေသူများမှာလည်း တရုတ်များပင်ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်လက်အောက်ခံ BGF ဗိုလ်တင်ဝင်း အဖွဲ့က ကျားဖြန့် တရုတ်များအတွက် မြ၀တီမြို့နှင့် ရွှေကုက္ကိုလ်မှ အမျိုးသမီးများကို လာရောက်ခေါ်ယူပြီး ကာရာအိုကေနှင့် အနှိပ်ခန်း ( ပြည့်တန်ဆာရုံ) များပါ ဖွင့်ပေးထားကြောင်း ၊ အဆိုပါ ကျားဖြန့် အဆောက်အအုံများက ဆောက်လုပ်နေသည်ကို စစ်တပ်ကလည်း သိရှိပြီး လိုအပ်သော ဘိလပ်မြေနှင့်ဆောက်လုပ်ရေး ပစ္စည်းများကို စစ်တပ်၏ခွင့်ပြုချက်ဖြင့် ဘားအံဘက်မှ သယ်ယူနေကြောင်း သိရှိရသည်။
ယင်းနေရာသို့ ဝင်ရောက်ခွင့်ကို လုံခြုံရေး အထူးတင်းကျပ်ထားပြီး ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခွင့် လုံး၀ မပေးကြောင်း၊ ယင်းနေရာမှ တရုတ်များကိုလည်း နေထိုင်ခွင့်စိစစ်ရေး လက်မှတ်များ ထုတ်ပေးနေကြောင်း သိရှိရသည်။







