ရန်ကုန် ၊ ဒီဇင်ဘာ ၁၄
ယူကေနိုင်ငံ လန်ဒန်မြို့ ပါလီမန်အဆောက်အအုံရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်းက ဦးဆောင်ပြီး ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးမှ ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒပြပွဲကို လန်ဒန်မြို့နှင့် ယူကေ တနိုင်ငံလုံးမှမြန်မာတိုင်းရင်းသားများပေါင်းစုံ ၇၀၀ ခန့်လာရောက်ပါဝင်ခဲ့ကြကာ ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးဒဏ်ရာရခဲ့ကြသူများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့ရသော သူရဲကောင်းများ ပြည်သူများအားလုံး အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခဲ့ကြပြီး ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင် ဒေါက်တာသက်ကိုကို နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များက စကားပြောကြားခဲ့ကြကြောင်း သိရှိရသည်။






