26 C
Yangon

စဉ့်ကူးနှင့် နတ်တလင်းမြို့နယ်တို့တွင် စစ်တပ်က ဒရုန်း၊ စက်တပ်လေထီးနှင့် လေယာဉ်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်၏ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း ခမရ ၁၂ တပ်ရင်းမှ စစ်သားများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း လက်ပံလှရွာမှ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွှေဘိုမြို့နယ် ကျောက်မြောင်း ခမရ ၁၂ တပ်ရင်း ခွေးခြံက စစ်ခွေးတွေက ဒရုန်းအကြီး ၁ စီးနဲ့ စဉ့်ကူးမြို့နယ် လက်ပံလှရွာပေါ်ကို ကျဲချ တိုက်ခိုက်သွားတာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးကတော့ အပြင်းထန် ဒဏ်ရာရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာရှိ ပြည်စိုးအောင် ရပ်ကွက်နှင့် ပင်လယ်ကြီး ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးက လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ လေယာဉ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်မှ ညနေ ၅ နာရီကျော်ထိ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာနှင့် ဖလံပင်ရွာကို အကြမ်းဖက် စစ်တပ် ပါရာမော်တာ ၃ စီး၊ ဂျက်ဖိုက်တာ များဖြင့် လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မနေ့က နံနက် ၇ နာရီလောက်က ပါရာမော်တာ ၃ စီးတက်လာပြီး ဒမငယ်ရွာကို ၈ ကြိမ် ဗုံးကျဲသွားတယ်။ မွန်းလွဲပိုင်းမှာလဲ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်သွားတယ်။ ညနေပိုင်းမှာလည်း စက်တပ်လေထီး ၃ စီးက ဖလံပင်ရွာကို ထပ်ကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article