အကြမ်းဖက် စစ်အာဏာသိမ်းထားသော မင်းအောင်လှိုင်ကို သမ္မတရွေးချယ်ရေးအဖွဲ့က မဲပေးပြီးဖြစ်လာလျှင် မင်းအောင်လှိုင် သမ္မတ လုပ်နိုင်ကြောင်း အကြမ်းဖက် စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသွားသည်။
ရန်ကုန်တွင် ယနေ့ ပြုလုပ်သည့် ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၁၄ ခုနှစ် ကာလ မီဒီယာများနှင့်အင်တာဗျူးတွင် သူ့တွင် အတွေ့အကြုံများစွာရှိသည့် အတွက် နိုင်ငံတော်က တာဝန်ပေး အပ်လာလျှင် နိုင်ငံအတွက် အတွေ့အကြုံများကို အမြဲတမ်းအသုံးချလုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးကြောင်း၊ ထို့ကြောင့် လွှတ်တော်က ရွေး ကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက မဲပေး ရွေးချယ်လျှင် သမ္မတ မလုပ်ဖူးဟူ၍ လည်း ငြင်းမရကြောင်း ၎င်းကဆိုသည်။
” သမ္မတ ရွေးချယ်မှုတွေကတော့ တစ်ဦးချင်းအနေနဲ့ နိုင်ငံတော်သမ္မတကို လုပ်ချင်ပါတယ်လည်း ပြောလို့မရဘူး။ မလုပ်ချင်ပါဘူးလို့လည်း ပြောလို့မရဘူး။ ဒါ သူ့ ဥပဒေအတိုင်းပဲ။ လုပ်ချင်ပါတယ်ဆိုတိုင်းလည်း ဥပဒေနဲ့ မညီရင် မဖြစ်ဘူး။ မလုပ်ချင်ပါဘူးဆိုတိုင်းလည်း ရွေးကောက်တင်မြှောက်ခံရရင် မဖြစ်ဘူး။ လုပ်ချင်ပါတယ်ဆိုတိုင်းလည်း မဖြစ်တဲ့သူတွေလည်း ရှေ့မှာလည်း တွေ့ခဲ့ဖူးပြီးသား ဖြစ်မှာပါ။ သမ္မတရွေးချယ်တဲ့နေရာမှာတော့ အခြေခံအချက်အလက်တွေရှိပါတယ်။ အခြေခံ အချက်အလက်တွေကတော့ ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေပေါ့နော်။ ကိုယ်စားလှယ်တွေကနေပြီးတော့ ဒုတိယသမ္မတ တွေကို ရွေးချယ်ရတာ ဖြစ်တယ်။ သမ္မတ ရွေးချယ်တင်မြှောက်ခြင်းကိစ္စကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေမှာပါပြီးသားဖြစ်တယ်။ သမ္မတရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ်လိုက်ပြီးတော့မှ သူကအဆင့် ဆင့် မဲပေးရွေး ချယ်ရတာဖြစ်တယ်။ မဲပေးပြီး ဖြစ်လာရင်တော့လည်း သမ္မတ လုပ်နိုင်ပါတယ်။ ဥပဒေအရ အကျုံးဝင်ရင် လုပ်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့အညီပဲ ဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။
နေပြည်တော်စစ်ဘက်အသိုင်းအ၀ိုင်းတွင် စစ်တပ်က ပြုလုပ်မည့် ရွေး ကောက် ပွဲအပြီး အစိုးရသစ်တွင် ကြံ့ဖွတ်အမတ်များနှင့် စစ်တပ် အမတ်များ ပူးပေါင်း၍ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ကြောင်း၊ မင်းအောင်လှိုင်မှာလည်း ယခင်ကတည်းက သမ္မတဖြစ်လာရန် ရည် မှန်းချက်ရှိကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။




