26 C
Yangon

ကမ္မမြို့ပေါ် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြိုင်မြို့နယ်၊ ကန်သစ်ရွာမှ ကမ္မမြို့ပေါ်သို့ အင်အား ၁၅၀ ခန့်ဖြင့် ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့ ရဲစခန်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကမ္မမြို့ပေါ်တွင် နေထိုင်သော ကိုပုဆိန် ပွဲချင်းပြီးသေဆုံးပြီး ၎င်း၏ ဇနီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ် ၇ လုံးကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့ ရဲစခန်းထဲမှ ထပ်မံ ထွက်လာပြီး ပြည်သူပိုင် နေအိမ်များကို ဆက်လက် မီးရှို့နေကာ နေအိမ် ၅ လုံးထပ်မနည်း မီးလောင် ပျက်စီးမှုရှိကြောင်း သိရသည်။

“အဲ့ဒီ စစ်ခွေးစစ်ကြောင်းက ပခုက္ကူတပ်မ ၁၀၁ ကနေ ထပ်ထွက်လာပြီး ကမ္မမြို့ပေါ်ကို စစ်ကြောင်းထိုးလာတာ စစ်ခွေးစစ်ကြောင်း ရောက်တာနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ ကမ္မမြို့ပေါ်ကိုပဲ ကျည်တွေ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးတယ်။ နေအိမ် ၇ လုံးထက်မနည်း စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်။ ဒီနေ့လည်း စစ်ခွေးတွေက နေအိမ်တွေကို ထပ်ပြီးတော့ မီးရှို့နေတာ နေအိမ် ၅ လုံးထက်မနည်း မီးလောင်နေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ကမ္မမြို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article