ရန်ကုန် ၊ ဒီဇင်ဘာ ၁၄
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်ကိုဗေးဧရိယာတွင် Free Burma Action Committee-Northern California၊ ဆန်ဖရန်စစ္စကို(ဗေးဧရိယာ)တော်လှန်ပြည်သူများ၊ ကျောင်းသားအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများအားလုံး ပူးပေါင်း၍ လွတ်လပ်မှု၊တရားမျှတမှုနှင့် ငြိမ်းချမ်းမှု စသည်တို့ မြန်မာပြည်မှာ ပြန်လည်ထွန်းကားဖို့အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း(Kim Aris) ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု့ “All in One Piece Movement” ကို ၁၆၈ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။
လူထုသပိတ်တိုက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူ အားလုံးအမြန်လွှတ်ပေးရန်၊ စကစ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ရန် ကြွေးကြော်ပြီး စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့်အပြင် မြောက်ဦးမြို့မှ ပြည်သူများနှင့်တကွ တော်လှန်ရေးအဆက်ဆက်အသက်ပေးသွားကြသော သူရဲကောင်းအပေါင်းအားရည်စူး၍ တစ်မိနစ် ငြိမ်သက်စွာ ဦးညွတ်အလေးပြုခဲ့ကြကြောင်း သိရှိရသည်။






