26 C
Yangon

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အိန္ဒိယ အစိုးရနှင့်လွှတ်တော်ထံသို့ အရပ်ဘက်အဖွဲ့ ၁၀၀ ကျော်က တောင်းဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့နဲ့ လေ့လာစောင့်ကြည့် ရေးကိုယ်စားလှယ်များ မစေလွှတ်ဖို့တို့အတွက် အိန္ဒိယအစိုးရနဲ့ လွှတ်တော်ကို မြန်မာပြည်သူတွေကိုယ်စား အရပ်ဘက်နဲ့တော်လှန်ရေး အဖွဲ့ ၁၁၃ ခုနဲ့ တသီးပုဂ္ဂလ ၂၉ ဦးတို့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ပါတယ်။

မနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ အိန္ဒိယအစိုးရနဲ့ လွှတ်တော်ထံသို့ အိတ်ဖွင့်ပေးစာပေးပို့လိုက်တာဖြစ်ပြီး အဲဒီအိတ်ဖွင့်ပေးစာမှာ တောင်းဆိုချက် ၃ ချက်ပါဝင်ပါတယ်။ အဲဒီတောင်းဆိုချက်တွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေး ကောက်ပွဲကို ထောက်ခံမယ့်အစား မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးကို လက် တွေ့ကျကျ ကူညီပံ့ပိုးပေးဖို့ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

“စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သော အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံမည့်အစား မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမည့် အကူအညီများကိုသာ ပံ့ပိုးပေးပါရန် အလေးအနက် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” လို့ အိတ်ဖွင့် ပေးစာမှာ တောင်းဆိုထားပါတယ်။

အိန္ဒိယရဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြား‌ရေး မူဝါဒကို လေးစားပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့အရေးဟာ ဓမ္မနဲ့ အဓမ္မ၊ ပြည်သူလူထုနဲ့ အာဏာရှင်လူတစုကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးနဲ့ မချဉ်းကပ်ဘဲ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွား၊ သမိုင်းကြောင်းအရ အိမ် နီးချင်းကောင်း ပီသမှုနဲ့ နှစ်နိုင်ငံ ရေရှည်အကျိုး စီးပွားကို မျှော်ကိုးပြီး မှန်ကန်စွာ ရပ်တည်ချဉ်းကပ်သင့်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

“လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် အိန္ဒိယအစိုးရ တို့အကြား ဆက်ဆံရေးပုံစံများအပေါ် ကျွန်ုပ်တို့အနေဖြင့် အထူးပင် စိတ်မကောင်းဖြစ်ရပါသည်” လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူမှုရေး ကပ်ဘေးဆိုးတွေအားလုံးဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်ဖြစ်ပြီး အဲဒီအရာတွေအတွက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အပြည့်အဝ ရှိစေရမယ်လို့ ပေးစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေအားလုံးရဲ့ မူလဇာစ်မြစ်ဟာ အာဏာရှင်ဆန်တဲ့အတွေးခေါ်ရှိသူ စစ်ခေါင်းဆောင်တွေကြောင့်ဖြစ်ပြီး သူတို့တွေဟာ သမိုင်းတရားခံတွေ ဖြစ်ကြသလို အခုဆင်နွှဲနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ သာမန် နိုင်ငံရေးပဋိပက္ခမျှသာမဟုတ်ဘဲ စနစ်ဆိုးတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းမယ့် တော်လှန်ရေး တစ်ရပ်ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြ ထားပါတယ်။

Explosion impct – 1
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article