26 C
Yangon

အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့မှုကြောင့် ၄ နှစ်ကျော် ကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များအတွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းကြောင့် အာဏာသိမ်းပြီး ၄ နှစ်ကျော် ကာလအတွင်း နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃၉ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ထုတ်ပြန်လိုက်သည်။

MPW ၏ ခြောက်လတာ သုတေသနပြု စိစစ်ချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ သေဆုံးသူများတွင် အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် LGBT ၁ ဦး ပါဝင်ပြီး ၎င်းတို့သည် အသက် ၁၈ နှစ်မှ ၈၀ နှစ်အတွင်းရှိသူများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးရသည့် အဓိကအကြောင်းရင်းများကို စိစစ်ရာတွင်လည်း လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုမရှိသည့်အတွက် နှလုံးရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါများခံစားရ၍ သေဆုံးမှုသည် ၃၈ ဒသမ ၁၃ ရာခိုင်နှုန်းအထိ ရှိနေပြီး အခြားသော အသည်းရောဂါ၊ တီဘီ၊ ကင်ဆာနှင့် စိတ်ကျရောဂါခံစားရသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း သေဆုံးမှုအများဆုံး အသက်အရွယ်သည် ၄၆ နှစ်မှ ၅၉ နှစ်အတွင်းရှိသူများဖြစ်ပြီး ၂၃ ဒသမ ၀၂ ရာခိုင်နှုန်း အထိရှိကြောင်း MPW ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးရသည့် အကြောင်းရင်းများကို စိစစ်ရာတွင် ရောဂါအတည်ပြုနိုင်ခြင်းမရှိဘဲ သေဆုံးရသူ ဦးရေမှာ အများဆုံး ၅၁ ဦးရှိနေပြီး ကျန်ရှိသူများမှာ နှလုံးရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါများ စနစ်တကျ ကုသခွင့်မရခြင်းကြောင့် ဖြစ်‌ကြောင်း၊ သေဆုံးမှုများသည် ရောဂါဝေဒနာကြောင့်ထက် ထောင်အာဏာပိုင်များက မိသားစုမှပေးပို့သော ဆေးဝါးများကို အချိန်မီ ပေးမသောက်ခြင်း၊ အာဟာရဓာတ် လုံလောက်စွာ မကျွေးခြင်းနှင့် ထောင်တွင်း ဆရာဝန် သို့မဟုတ် ဆေးရုံမရှိခြင်းတို့ကြောင့် မသေသင့်ဘဲ သေဆုံးနေကြရခြင်း ဖြစ်ကြောင်း၊ ထို့အပြင် အရေးပေါ် လူနာများကို ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် ခွင့်ပြုချက်တောင်းခံရာ၌ ကြန့်ကြာမှုများကလည်း အသက်ဆုံးရှုံးမှု ဖြစ်စဉ်များကို ပိုမိုဆိုးရွားစေခဲ့ခြင်း ဖြစ်ကြောင်း MPW က ထုတ်ပြန်ထားသည်။

လက်ရှိတွင် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ရာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးနှင့် အကျဉ်းထောင်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝရရှိစေရန် စစ်ကောင်စီအပေါ် ထိရောက်သော နိုင်ငံရေးဖိအားများ ပေးကြရန် MPW က အလေးအနက် တောင်းဆိုထားသည်။

MPW အနေနှင့် အကျဉ်းထောင်များအတွင်း ဖြစ်ပွားမှုများနှင့် ပတ်သက်၍ သတင်းဌာန ၄၅ ခုနှင့် AAPP၊ PPNM တို့၏ အချက်အလက်များကို အခြေခံ၍ စနစ်တကျ ပြုစုထားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article