စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြားပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မင်းကွန်းမြို့မှ ထွက်လာသော အင်အား ၁၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စစ်ကိုင်းမြို့နယ်၊ ချောင်းမကြီးရွာ မြောက်ဘက်တွင် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများကြောင်း၊ ယင်းစစ်ကြောင်းသည် အထိနာပြီး မင်းကွန်းမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ G3 ကျည် ၈၀၀ ကျော် ၊ 5.56 ကျည် ၇၀၀ ကျော် ၊ ၆၀ မမ ဗုံး ၅ လုံး၊ RPG ၃ လုံး ၊ ပို့ယမ်း ၃ တောင့်၊ အီနာဂါဗုံး ၁ လုံး၊ MA ကျည်ဘောက် ၃ ခု ၊ MA-2 ကျည်ဘောက်ဝိုင်း ၁ ခု နှင့် ငါးကြင်းမှီးပြောင်းအပို ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ စစ်ခွေးတွေ အလောင်းတွေကော အကုန်သယ်ပြီး ပြေးကြတာဆိုတော့ မသိရတာ အခုအဲဒီ စစ်ကြောင်းက အိုင့်ဒိုင်ရွာနဲ့ မယ်ဇလီချောင်းဘက်ကို ထွက်သွားပါပြီ နောက်ထပ် အင်အားတိုးပြီး ဆက်ထွက်သွားတာ ချောင်းမကြီးရွာ မြောက်ဘက်မှာ တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF တာဝန်ခံ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်သော people servant force ၊ ရတနာပုံတပ်ဦး နှင့် No More Dictatorship people defence force-NMD တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။






