28 C
Yangon

ခန္တီးမြို့နယ်တွင် ခလရ ၂၂၉ တပ်ရင်းမှ ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် ခလရ ၂၂၉ တပ်ရင်းမှ ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်သော ခလရ ၂၂၉ တပ်ရင်းမှ စစ်သားများနှင့် အမှတ် ၁၆ ရဲတပ်ရင်းတို့ ပူးပေါင်းထားသော အင်အား ၃၀ ခန့်ပါ ယာဉ်တန်းသည် ခန္တီးမြို့နယ်၊ နန်ခမာကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းထိမှန်ပြီး အထိနာခဲ့သော စစ်တပ် ယာဉ်တန်းသည် ပြန်လည် ဆုတ်ခွာသွားပြီးနောက် အင်အားထပ်မံဖြည့်တင်းကာ ခန္တီးမြို့နယ်၊ နန်စီပွန်မှော် တဝိုက်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်းမှာ ဗိုလ်ကြီး လင်းမြတ်ထွန်းကတော့ လွတ်သွားတယ်။ ကားပေါ်ပါလာတဲ့ စစ်ခွေး ၄ ကောင်ကတော့ သေတယ်။ သူတို့ မိုင်းထိပြီး အထိနာသွားလို့ စစ်ခွေး အလောင်းတွေကော ဒဏ်ရာရတဲ့ သူတွေကိုကော ကားပေါ်တင်ပြီး ပြန်ဆုတ်သွားတာ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နန်စီပွန်မှော် တဝိုက် ကျေးရွာများကို နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ သတိပြု သွားလာနေထိုင်ကြရန် ပကဖ တာဝန်ခံ က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article