ဧရာ၀တီတိုင်း၊ မြောင်းမြ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အကြမ်းဖက်ရိုက်နှက်ခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မြောင်းမြအကျဉ်းထောင်၏ ဒုထောင်ပိုင် တင့်ဆွေဝင်း က ညပိုင်း အရက်သေစာသောက်စားမူးယစ်ပြီး နိုင်ငံရေးအကျဥ်းသားများကို စိန်ခေါ်၍ အိပ်ဆောင်တွင်းသို့ လေးခွဖြင့်ပစ်ခတ်ကြောင်း၊ ထောင်ဗူးဝပေါ်တွင် တာဝန်ကျသည့် တပ်သား မြတ်မင်းအောင်ကလည်း အရက်မူးလာလျှင် တောင်ယာလုပ်ကိုင်နေသည့် နိုင်ငံရေးအကျဥ်းသားများကို အနိုင်ကျင့်နှိပ်စက်လျက်ရှိကြောင်း၊ အခြား ရာဇဝတ်အကျဉ်း သားများကလည်း နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ရိုက်နှက်မှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။
“အခြား ရာဇဝတ်အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ပေးပြီး ငွေကြေးရှာဖွေမှုတွေများလာတယ်။ ဒါ့အပြင် တခြားရာဇဝတ်အကျဉ်းသားတွေကို လုပ်ပိုင်ခွင့် ပိုပေးပြီး အကျဉ်းသား အချင်းချင်း ဖိနှိပ်မှုတွေ ပိုပြီး ပြုလုပ်လာတယ်။ အကျဉ်းဦးစီး ဝန်ထမ်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေက နောက်ကွယ်မှာ များစွာ ရှိနေပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား အချင်းချင်း ဖိနှိပ်မှုတွေ ပိုပြီး လုပ်ဆောင်လာတာ တွေ့ရတယ်။ ဒါဟာ သတိထားဖို့ ကောင်းပြီးမှ နောက်ကွယ်က အဓိက စေခိုင်းသူတွေကို အထူးအာရုံစိုက်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ ပိုပြီးမှ အားစိုက်ကြဖို့ လိုအပ်တယ်ဆိုတာ အချင်းချင်းအကြားနားလည်ထားတယ်။ သူတို့ကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ဖို့ ဖော်ဆောင်ရေး အဲဒီဟာတွေ လုပ်ဆောင်နေလျက်ရှိပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ပုသိမ်ထောင်မှ အကျဉ်းဝန်ထမ်းဟောင်း သူရမြင့်လွင်ဦးဆိုသူမှာ ထောင်အတွင်း မူးယစ်ဆေးရောင်း၍ ပြစ်ဒဏ် ၁၃ နှစ် ၆ လကျကာ မြောင်းမြထောင်သို့ ထောင်ပြောင်းရောက်လာကြောင်း၊ ထောင်ဝန်ထမ်းဟောင်း သူရမြင့်လွင်ဦးက ထောင်တွင်း စျေးရောင်း၍ စျေးများ အပြင်စျေးထက် နှစ်ဆ သုံးဆတင်ကာ ထောင်အာဏာပိုင်များကို ငွေရှာပေးနေကြောင်း၊ လူသတ်မုဒိမ်းအမှုဖြင့် ထောင်ကျနေသော မောင် အေး ဆိုသူကလည်း ထောင်အာဏာပိုင်များအတွက် တစ်လသိန်း ၅၀ ရှာပေးနေပြီး မင်းထက် (ခ) ဘိုကြီး (သေဒဏ်)၊ ခန့်ဝေ ၁၉ နှစ် တို့နှစ်ဦးကလည်း ထောင်အာဏာပိုင်များအတွက် ရုံးစာရေးဝင်လုပ်ကာ အချုပ်သစ်၊ အကျသစ် အကျဉ်းသားများထံမှ ငွေကြေးများ အဓမ္မ တောင်းခံရှာပေးနေကြကြောင်း သိရှိရသည်။
မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မ ငွေကြေးတောင်းယူခြင်း၊ အနိုင်ကျင့်ခြင်း၊ အကျဉ်းသား မိသားစုထံမှ ပိုက်ဆံ လိမ်တောင်းခြင်းစသည့် လုပ်ရပ်များကိုလည်း မြောင်းမြထောင်အာဏာပိုင်များနှင့် ၎င်းတို့၏ လက်အောက်ခံ အကျဉ်းသားများက လက်ရဲဇက်ရဲ ကျူးလွန်နေကြကြောင်း သိရှိရသည်။
အကျဉ်းထောင်ဝန်ထမ်း တပ်ကြပ်ကြီး မြင့်ချို၊ တပ်သား ရဲဝေထွန်း တပ်သား မြတ်မင်းအောင် တို့က အကျဥ်းသားမိသားစုများထံ ပိုက်ဆံလိမ်လည်တောင်းနေကြပြီး တောင်းယူထားသောငွေကြေးများ အကျဥ်းသားထံသို့ မရောက်ရှိကြောင်း၊ ထောင်ဝန်ထမ်း တစ်ပွင့် မျိုးသက်အောင်၊ ထောင်ဝန်ထမ်း တစ်ပွင့် ရဲဟိန်း၊ ထောင်ဝန်ထမ်း တစ်ပွင့် အောင်ထက်၊ ထောင်ဝန်ထမ်း တစ်ပွင့် စိုးရန်နိုင်၊ ထောင်ဝန်ထမ်း ပြောင်ကြီးနှင့် ထက်ဝေကို တို့က လိမ်လည် ငွေတောင်းမှုများကျူးလွန်နေကြကြောင်း သိရှိရသည်။
ထိုသို့ မြောင်းမြအကျဉ်းထောင်အတွင်းရှိ လာဘ်ပေးလာဘ်ယူလုပ်နေကြသော၊ အကြမ်းဖက်ရိုက်နှက်နေကြသော အရာရှိများ၊ ဝန်ထမ်းများနှင့် အကျဉ်းထောင်လက်ပါးစေများသည် လူ့အခွင့်အရေး၊ အကျဉ်း သားအခွင့်အရေးများအား လွတ်လပ်စွာ ချိုးဖောက်နေကြသူများဟု သတ်မှတ်ပြီး အပြင်း အထန်ရှုတ်ချကြောင်း PPNM သတင်းထုတ်ပြန်ထားသင်္ည။




