26 C
Yangon

ပုလောမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုင်းနိုင်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး၊ ထားဝယ်တွင်လည်း စစ်တပ် ဒေါက်တိုင် ၁ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

တနင်္သာရီတိုင်း၊ ပုလောမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုင်းနိုင်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပုလောမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုးနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးလာစဉ် အကြမ်းဖက် စစ်တပ်က သိရှိသွားပြီး လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှု ဖြစ်ပွားနေသည်ကို အခွင့်ကောင်းယူကာ အုပ်ချုပ်ရေးမှူး မိုင်းနိုင်က တော်လှန်ရေး ရဲဘော်များကို ခုခံထွက် ပြေး ခဲ့သောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး မိုးနိုင်သည် အကြမ်းဖက် စစ်ကောင်စီ၏ ယန္တရား လည်ပတ်ရေးအတွက် အဓိက ဒေါက်တိုင်အဖြစ် ရပ်တည်ကာ ဒေသ လူငယ်များအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေရန် စီစဉ်ဆောင်ရွက်နေသူ ဖြစ်ကြောင်း၊ ထို့ပြင် ၎င်း၏ မိသားစုဝင်များသည်လည်း ရပ်ရွာအတွင်း မူးယစ်ဆေး ရောင်းဝယ် ဖြန့်ဖြူးမှုများတွင် ပါဝင်ပတ်သက်နေသော တိုင်ကြားစာများ ရရှိထားသည့် အတွက် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက စစ်ဆေးမေးမြန်းရန် သွားရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

“အမှတ် ၁ မှာ မိုးနိုင် လင်မယားကို အရှင်ခေါ်ထုတ်လာတာကို မြင်တဲ့ကောင်တွေက စစ်တပ်ကို သတင်းပေးလိုက်တာ အဲတာကို အပြန်လမ်းမှာ စစ်ခွေးတွေက လိုက်ပစ်လို့ထိတွေ့မှု ဖြစ်ကြသေးတယ်လို့ သိရတယ်။ မိုးနိုင်က စစ်တပ် လိုက်လာတာကို သိပြီး တော်လှန်ရေးရဲဘော်တွေကို ခုခံ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးလိုက်တာ သေဆုံးသွားတယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းအနေဖြင့် စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်းဥပဒေကို အသက်ဝင်စေရန် အားပေး ကူညီနေသူများနှင့် ပြည်သူလူထု၏ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေသူများကို ဆက်လက်၍ ထိရောက်စွာ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း တပ်ရင်း တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် ဒေါက်တိုင် မောင်ဘုန်းမြတ်ကိုကို ကို အရှင်ဖမ်းမိခဲ့ကြောင်း Dawei Guerrilla Revolutionary Force -DGRF က ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ရန်ကုန်-ထားဝယ် လမ်းပိုင်းတွင် ညှင်းထွေးကျေးရွာနှင့် ကျောက်ကညာကျေးရွာ အကြား တစ်နေရာ၌ အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ရင်ခုန်သံ လူမှုကူညီရေးအသင်း၏ အသင်းဝင် တစ်ဦးဖြစ်သူ ဘုန်းမြတ်ကိုကို ကို ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ DGRF ပြောက်ကျားတပ်ဖွဲ့က အရှင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဘုန်းမြတ်ကိုကိုသည် စစ်တပ်၏ လက်ကိုင်တုတ်အဖြစ် ကမျောကင်းတံတား ကာကင်းစခန်းတွင် စာရေးအဖြစ် ၃ လ၊ မောင်းမကန်ရဲစခန်းတွင် ဝန်ထမ်းအကူအဖြစ် ၁ လတာ လုပ်ဆောင်ခဲ့သည့် ပြစ်မှုများနှင့် ၎င်း၏ လက်ကိုင်ဖုန်းအတွင်းမှ ယူနီဖောင်းနှင့် ဓါတ်ပုံများ၊ လက်နက်ကိုင်ဆောင်ထားသော ဓါတ်ပုံများ၊ စစ်တပ်နှင့် ပတ်သက်သော သူများနှင့် အပြန်အလှန်စကားပြောဆိုထားသော စာများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်သော လုပ်ငန်းများကို အားပေးကူညီသူ ပူးပေါင်း ပါဝင်ဆောင်ရွက်သူ စည်းရုံးလုပ်ဆောင်သူ မည်သူကိုမဆို ထိရောက်စွာ အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမည် ဖြစ်သောကြောင့် စစ်တပ်နှင့် ပတ်သက်သော နေရာများ၊ ပူးပေါင်းဆောင်ရွက် ကူညီနေသူများ ၊ အဖွဲ့အစည်းများနှင့် အနီးအနားတွင် မနေထိုင်ကြရန် ဝင်ရောက်ပါဝင်ကူညီ လုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် Dawei Guerrilla Revolutionary Force -DGRF က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article