28 C
Yangon

ထိုင်းရောက် မြန်မာများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေး မြန်မာစစ်တပ်နှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးကြပြီး စစ်တပ်နှင့်ပတ်သက်သူများက အဓိကဦးဆောင်၊ အခွန်နှင့်ငွေကြေးများ တိုးမြှင့်ကောက်ခံဦးမည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ထိုင်းရောက် မြန်မာလုပ်သားများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေးအတွက် မြန်မာစစ်တပ်နှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးခဲ့ပြီး စစ်တပ်နှင့်ပတ်သက်သူများက အဓိက ဦးဆောင် ပါဝင်လာကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တင်ကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံတောင်ပိုင်း ကဘီခရိုင်၊ အောဝ်နန်မြို့နယ်ရှိ Bluesotel ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများထံမှ အခကြေးငွေ ကောက်ခံရရှိရေးနှင့် CI ထုတ်ပေးရေး စခန်းအသစ်များ ထပ်မံဖွင့်လှစ်ရန် တို့ပါဝင်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ် (CI) ထုတ်ပေးရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးကြရာတွင် CI ဈေးနှုန်းကို မတရား မြှင့်တင်ကောက် ခံရန်၊ အပိုအခကြေးငွေများ တောင်းခံရန်နှင့် အလုပ်သမားများကို အခွန်ဆောင်စေရေး ဖိအားပေးခြင်းများကိုပါ ဆွေးနွေးကြကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ စစ်ခေါင်းဆောင်နှင့်ပတ်သက်သူများ ပါဝင်လာကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့က CI ထုတ်ပေးရေးစခန်းသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သော ၄ လခန့်မှစတင်၍ CI ထုတ်ပေးရေးအတွက် အခကြေးငွေများကို သိသိသာသာ မြှင့်တင်ကောက်ခံလာခဲ့ကြောင်း၊ ယခင်က ကောင်တာဝန်ဆောင်ခအဖြစ် ထိုင်းဘတ် ၇၁၀ သာ ကုန်ကျခဲ့ရာမှ ယခုအခါ ဘတ် ၂,၆၇၀ ကို ဆဲဗင်းအဲလဲဗင်း ဆိုင်များမှ ကောင်တာဝန်ဆောင်ခအဖြစ် ပေးချေစေခဲ့သည့်အပြင် CI ထုတ်ပေးသည့် စခန်းများတွင် စခန်းတာဝန်ခံများက အလုပ်သမားတစ်ဦးလျှင် ဘတ် ၁,၁၅၀ မှ ၁,၇၀၀ အထိ ထပ်မံ၍ ငွေကြေးများ တိုးမြှင့်ကောက်ခံခဲ့ကြောင်း သိရှိရသည်။

“အရင်နှစ်တွေတုန်းက ထိုင်းနိုင်ငံ အလုပ်သမားဗီဇာကြေး အပိုကြေးငွေတွေပေးရတယ်။ အခု CI အသစ်လဲတော့ မြန်မာတစ်ခြမ်းတည်းအတွက် အလုပ်ရှင်နဲ့ ကိုယ်တိုင်သွားလုပ်တာတောင် စခန်းတာဝန်ခံမှ နောက်ထပ် ၁,၄၀၀ ဘတ် ထပ်တောင်းလို့ ပေးခဲ့ရတယ်။ ကဘီမှာ လာဖွင့်ပေးလို့ အဝေးကြီးသွားမလုပ်ရတော့ပေမယ့် အခုလို ဘာကြေးတွေမှန်းမသိ ကောက်ခံတယ်၊ ပိုက်ဆံပေးမှ ဝင်ရောက်လုပ်လို့ရတယ်” ဟု ကဘီမြို့တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောပြသည်။

ထို့ပြင် အလုပ်သမားများကို သတ်မှတ်ရက်အစား စခန်းတာဝန်ခံများ ခွင့်ပြုသောရက်များတွင်သာ CI လုပ်ငန်း လာရောက်ဆောင်ရွက်ရန် အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် CIစခန်း ၅ ခုအနက် စမုပရကန် စခန်းတစ်ခုတည်းသာ အဆင်ပြေအောင် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မဟာချိုင်မြို့ရှိ CIစခန်းများတွင်လည်း အလုပ်သမားများထံမှ ငွေများကောက်ခံခဲ့ကြောင်း၊ ယင်းအပြင် မြန်မာအလုပ်သမားများ၏ ဖုန်းများကို စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မဟာချိုင်တွင် CI သွားရောက်လုပ်ကိုင်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြသည်။

ထို့ပြင် စူရတ်ဌာနီတွင်လည်း CI အသစ်လဲရန်အတွက် ကော့သောင်ကျွန်းမှ လှေစီးလာရသူများမှာ စျေးနှုန်းကြီးမြင့်ခြင်းနှင့် အခက်အခဲများစွာ ကြုံရကြောင်း၊ ချင်းမိုင်မြို့ရှိ CIစခန်းတွင် တာဝန်ခံအဖြစ် ဆောင်ရွက်ခွင့်ရသူများကလည်းငွေကြေး ပိုမိုတောင်းသည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာအလုပ်သမားများအနေဖြင့် သက်သေခံ CI ရရှိထားသော်လည်း ထိုင်းနိုင်ငံအတွင်း တယ်လီဖုန်း SIM ကတ်များ တရားဝင်ဝယ်ယူခွင့်မရခြင်း၊ ဘဏ်အကောင့်များ ဖွင့်ရန် ခွင့်မပြုခြင်း စသည့် အခက် အခဲများနှင့် ကြုံနေရဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- EPA။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article