စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၄ စီး၊ Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ ဒဏ်ရာ ပြင်းထန်သူများလည်းပါဝင်ကြောင်း ဒေသပြည်သူများနှင့် Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး မွန်းလွဲ ၁ နာရီထိ အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၄ စီးက ရွှေဘိုမြို့နယ် အရှေ့မြောက်ပိုင်း နှင့် အရှေ့တောင်ခြမ်းပိုင်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် မုံရွာမြို့နယ် နမခ မှ တက်လာသော Gyrocopter ၃ စီးကလည်း ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတာကာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ၊ ထို့ပြင် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကုန်တင်ကားများနှင့် အိမ်စီးကားများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
” ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း သဲကျွန်းရွာ အရှေ့ဘက်နဲ့ အမှတ်-၃ လမ်းမ နေရာကို စစ်ခွေးတွေ ဗုံးကျဲသွားတာ သံဃာ ၁ ပါးနဲ့ ပြည်သူ ၃ ဦး သေဆုံးတယ်။ ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်။ ကား ၃ စီးလည်း မီးလောင် ပျက်စီးတယ်။ ကားတချို့လည်း ဗုံးစ ထိမှန်ပြီး ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။






