ရန်ကုန်၊ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်)မှ သတင်း တာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် အကြိမ် မြောက်များစွာ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်သွားသောနေရာများတွင် ခရီးသွားယာဉ်တန်းများ သွားလာနေသည့် နေရာများလည်း ပါဝင်ပြီး ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မနေ့ကစပြီး ခင်ဦးမြို့နယ် အရှေ့ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ခွေးတွေက ဗုံးကျဲ တိုက်ခိုက်နေတာ ဒီနေ့လည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ခင်ဦး အရှေ့တောင်ခြမ်းဘက်ကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သွားတယ်။ ခင်ဦးနယ်ထဲကို ၂ ရက်ဆက် ဗုံးကျဲတာ ၁၆ ကြိမ်ထက်မနည်းရှိပြီ ရေဦးနယ်နဲ့ တန့်ဆည်နယ် အစပ်မှာရှိတဲ့ ရွှေကျင်မော်ရွာနဲ့ ဆပ်ပြာအိုင်ရွာတွေ အနီးကိုလည်း စစ်ခွေးတွေက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဂျက်ဖိုက်တာ ၃စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် လုပ်သွားတယ်။ စစ်ခွေးတွေက ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ ဘုန်းကြီးကျောင်းတွေ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းတွေကို ဗုံးကျဲ တိုက်ခိုက်နေလို့ ပြည်သူတွေရော တော်လှန်ရေးတပ်ဖွဲ့တွေရော လေကြောင်းအသိ လေကြောင်းသတိရှိပြီး လုံခြုံတဲ့နေရာတွေမှာ နေထိုင်ပေးကြဖို့ သတိပေးချင်ပါတယ်” ဟု ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်)မှ သတင်း တာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၅ နှစ်အရွယ် နော်ခင်မွှေးမွှေး လက်နက်ကြီး ကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ အလူးကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကျေးရွာအတွင်းနေထိုင်သော အသက် ၁၅ နှစ်အရွယ် နော်ခင်မွှေးမွှေး ကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
“အဲဖြစ်စဉ်က ၇ လပိုင်း တည်းကဖြစ်တာလို့ သိရတယ်။ ဖုန်းလိုင်းတွေလည်း ပြတ်နေတာဆိုတော့ ခုမှသတင်းရတာ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး နော်ခင်မွှေးမွှေး ပွဲချင်းပြီးသေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




