မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက ဆုကြေးငွေနှင့် တကွ ဖမ်းဝရမ်း ထုတ်ထားသည့် မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သူ ကိုထက်မြတ်အောင်ကို မန္တလေးမြို့၌ စစ်အုပ်စုက အဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် အုပ်စုက အဓမ္မ ဖမ်းဆီးထားသော ကိုထက်မြတ်အောင်သည် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။
ကိုထက်မြတ်အောင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ၎င်း၏ ယုံကြည်ချက်နှင့် သဘောထားဆန္ဒကို (အကြမ်းမဖက်) ငြိမ်းချမ်းစွာနှင့် ရဲရင့်စွာ ထုတ်ဖော်ပြသသူဖြစ်ကာ အသက်အရွယ်အားဖြင့် ၂၄ နှစ်သာရှိသေးပြီး ကျန်းမာရေး အထူးကောင်းမွန်သည့် လူငယ်တစ်ဦး ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် ကိုထက်မြတ်အောင်ကို ဖမ်းဆီးစဉ်တွင် ပြင်းထန်သော အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်မှုများ ကျူးလွန်ခဲ့သည့်အပြင် ယခုအခါ သူ၏ အသက်အန္တရာယ်အတွက်ပါ အလွန်အမင်း စိုးရိမ်ပူပန်ရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
“၁၄ ရက်နေ့ ညကတည်းက အဆက်အသွယ်ပြတ်သွားတယ်။ ကိုထက်မြတ်အောင်ကိုလည်း စစ်ကောင်စီ ဘက်က ရွေးကောက်ပွဲဟန့်တားနှောင့်ယှက်ရေးနဲ့ အမှုဖွင့်ထားတာဆိုတော့ စစ်ကြောရေးမှာ မလွယ်လောက်ဘူး။ သူ့ကျန်းမာရေးအတွက် အထူးစိုးရိမ်ရတယ်” ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုသို့ အဓမ္မ ဖမ်းဆီးခံပြီးနောက် ကိုထက်မြတ်အောင်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက် ယိုယွင်းမှု တစုံတရာ ဖြစ်ပေါ်ခဲ့ပါက အကြမ်းဖက် စစ်အုပ်စုသည်သာ လုံးဝ တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ကြောင်း အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) နှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က ပူးတွဲထုတ်ပြန်ထားသည်။
ဖက်ဆစ်ဝါဒီ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုက အတိုင်းအဆမရှိ အင်အားသုံး၊ ရက်စက်ယုတ်မာ၍ ပြည်သူ့တော်လှန်ရေးကြီးကို ဖိနှိပ်ဖြိုခွဲနေသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာရှင်စနစ်ဟူသမျှ ကျဆုံးရေးတို့အတွက် ဦးလည်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။




