တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အောက်ကင်းရွာ အခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးတို့ သေနတ် ၃လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် တနင်္သာရီမြို့၊ အောက်ကင်းရွာ အခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှ ဒုတပ်ကြပ် သန်းဝင်း၊ စစ်မှုထမ်း တပ်သားသစ် မောင်မောင်ဌေးနှင့် စစ်မှုတပ်သားသစ် ကျော်ဇေယျတို့သည် တနင်္သာရီတိုင်းစစ်ဌာန၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ထံသို့ဆက်သွယ်၍ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးသည် MA-4 သေနတ် ၁ လက်၊ MA-3 သေနတ် ၂ လက်၊ ၄၀ မမ ဗုံး ၂၅ လုံး၊ ၅.၅၆ ကျည် ၃၄၄ တောင့်၊ ကျည်ဘောက် ၁၁ ခု တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်ရောက်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးနယ်မြေ အမှတ် (၁) စစ်ဆင်ရေးမှူး ရဲဘော်စောရှား၊ တနင်္သာရီတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်စတား၊ တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းတို့မှ လက်ခံကြိုဆိုခဲ့ပြီးနောက် အမှတ် (၃၅) နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ တနင်္သာရီမြို့နယ် ပကဖဒုတာဝန်ခံ ရဲဘော်ဗီနို၊ တနင်္သာရီပကဖ တောင်ပံနီ(ဇုန်-၄) တာဝန်ခံ ရဲဘော်ဂျက် တို့မှ အလင်းဝင်ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိသည်။
“အလင်းဝင်ရောက်လာတဲ့သူ ၃ ဦးက ဒုတပ်ကြပ် ၁ ဦး နဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦးပါ။ သူတို့က ကျွန်တော်တို့ တနင်္သာရီတိုင်း ကွပ်ကဲရေးမှူးနဲ့ ချိတ်ဆက်ပြီးဝင်လာတာပါ။ သူတို့ကို ဆက်လက် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်”ဟု People’s Defence Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် လက်အောက်ခံ တပ်သားများအနေဖြင့် တနင်္သာရီတိုင်း စစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များထံ လာရောက် ပူးပေါင်းအလင်းဝင်သူ ရာချီရှိလာပြီဖြစ်ပြီး ယင်းသို့ ပြည့်သူ့ရင်ခွင်ခုံလှုံအလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း၊ တနင်္သာရီတိုင်း စစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များထံသို့ လက်နက်နှင့်တကွ လာရောက်ပူးပေါင်းပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေး အဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။







