ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းရွာတွင် ဒုရဲအုပ် ရဲလွင် ဦးစီးသော အထိုင်ချ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု ရဲလွင် အပါအဝင် ၁၉ ဦးသေဆုံးပြီး လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာ၌ ဒုရဲအုပ် ရဲလွင် ဦးဆောင်ပြီး အင်အား ၃၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိတွေ့ တိုက်ပွဲမှာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး ဆင်တလင်းကျေးရွာ အထိုင်စခန်းမှ ဒုရဲအုပ် ရဲလွင် ၊ တပ်ကြပ်ကြီး ၁ ဦး ၊ ဒုတပ်ကြပ် ၂ ဦး အပါအဝင် ၁၈ ဦးသေဆုံးပြီး ၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိကာ ကျန်ရှိနေသော စစ်သားနှင့်ရဲများ ကွမ်းခြံဂိတ်စခန်းသို့ ဆုတ်ပြေးသွားကြောင်း သိရှိရသည်။
ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များက စစ်တပ်ဘက်မှ စစ်ကူလာရောက်နိုင်သော ထန်းပင်ချောင် အထိုင်စခန်းကိုလည်း ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် အင်အား ၈၀ ခန့် ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထပ်မံ စစ်ကြောင်းထိုးလာ၍ တောင်တန်းမြိုင်ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ထို့ကြောင့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စုစုပေါင်း ၁၉ ဦး သေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ထံမှ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၆ လက်၊ G-3 သေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၁ လက်၊ Helmet ၇ လုံး၊ မိုဘိုင်းဖုန်း ၄ လုံး၊ Equipment – ၃ ခု နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲအတွင်းမှာ သေဆုံးသွားတဲ့ ဒုရဲအုပ် ရဲလွင်ကို ဒီနေ့ လက်ပံတန်းမှာ သဂြိုလ်တယ်လို့ သိရတယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၁၉ ကောင်သေတယ်။ တိုက်ပွဲကနေ ၁ ရက်တည်းကို ဆက်တိုက်ကို ဖြစ်တာ ကျနော်တို့ ရဲဘော် ၄ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်း တိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုဖြင့် သာယာဝတီခရိုင် တပ်ရင်း ၃ (Myanmar Defense Force – MDF) ၊သာယာဝတီခရိုင် တပ်ရင်း ၂ ၏ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃၊ သာယာဝတီ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် ပကဖ ရွှေ တန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ နှင့် တပ်ဖွဲ့ ၂ ၊ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၃ ၊ အရှို ချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)၏ တပ်ရင်း ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
(Facebook ၏ စည်းမျဉ်းများအရ Graphic Violence ဖြစ်နိုင်သော စစ်သား အလောင်း ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှု့ အားပေးနိုင်ပါသည်။)








