မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်ကောင်းလမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန်လာသည့် အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့တောင်ဘက် မြို့အဝင်ဂိတ်နှင့် ၃ ဖာလုံခန့်အကွာရှိ နတ်မောက်-စိုင်ကောင်း လမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန်လာသည့် အကြမ်းဖက် စစ်သားများကို ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ထိတွေ့တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ နတ်မောက်မြို့အတွင်းမှ စစ်တပ် စစ်ကူများ ထပ်မံ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“စစ်ခွေး အင်အားကတော့ ၁၇ ကောင်ပါ။ စစ်ခွေးသေစာရင်း ထပ်တိုးသေဆုံးကတော့ အတည်ပြုနေဆဲပဲ မျက်မြင်တော့ ၅ ကောင်သေတယ်လို့ အတည်ပြုနိုင်ပါတယ်။ နတ်မောက်မြို့နယ်နဲ့ ဆက်စပ်ဒေသတွေမှာ အချိန်မရွေး စစ်ရေးကိစ္စများ ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေနဲ့ စစ်ကော်မရှင်တပ်သားတွေအနီး သွားရောက်ခြင်းများ ဂရုပြုကြဖို့ပြောချင်ပါတယ်” ဟု ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် “ငါးကလေးများနတ်မောက်မြေမှာကူးခတ်မယ်” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများအနေဖြင့် ကမ်ပိန်းအောင်မြင်နိုင်ရေး ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။




