28 C
Yangon

Twitch ၏ အရေးယူမှုကြောင့် မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

Amazon ပိုင် အမေရိကန် တိုက်ရိုက်ထုတ်လွှင့်မှု (livestream) ပလက်ဖောင်းတစ်ခုဖြစ်သော Twitch သည် Justice For Myanmar (JFM) ၏ တိုင်ကြားမှုများကြောင့် ၄င်း၏ပလက်ဖောင်းအတွင်း စစ်အုပ်စုအသုံးပြု‌နေသော MRTV အက်ပလီကေးရှင်းများ နှင့် MRTV နှင့် MITV ဝဘ်ဆိုက်များတွင် အသုံးပြုနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ် ၁၄ ခုကို မကြာသေးမီက ဖယ်ရှားလိုက်သည်။

အဆိုပါ အက်ပ်များနှင့် ဝဘ်ဆိုက်များကို ၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေး ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ စတင်ရန် နှစ်ပတ်ပင် မလိုတော့သည့် အချိန်အရောက်တွင်မှ ယခုကဲ့သို့ ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွားခဲ့ခြင်းသည် မင်းအောင်လှိုင်နှင့် အဆိုပါ ဝဘ်ဆိုက်/အက်ပ်များကို စီမံနေသည့် စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနအတွက် အကြီးအကျယ် အရှက်ရဖွယ်ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၄င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုရရှိစေရန်အတွက် အဆိုပါပလက်ဖောင်းများမှတဆင့် ပြည်တွင်း ပြည်ပသို့ ဝါဒဖြန့်တိုက်ရိုက်ထုတ်လွှင့်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေစဥ်မှာပင် JFM ၏တိုင်ကြားမှုများကြောင့် ယခုလိုရပ်တန့်သွားခြင်းလည်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အမေရိကန်အား အစဉ်တစိုက် ဝေဖန်ပုတ်ခတ်နေပြီး ၎င်းတို့ကိုယ်တိုင် နည်းပညာပိုင်း ကျွမ်းကျင်နေသဖွယ် ဟန်ဆောင်နေသော်လည်း၊ ဂိမ်းကစားသူများအကြား လူသိများသည့် အမေရိကန်ပလက်ဖောင်း (Twitch) ကို တိတ်တဆိတ်အားကိုးနေရခြင်းမျိုးက ၎င်းတို့၏ ကြံမိကြံရာဖြစ်မှုနှင့် အရည်အချင်းမရှိမှုကို ပေါ်လွင်စေခဲ့သည်။

Twitch က စစ်အုပ်စု၏ ရုပ်သံလိုင်းအကောင့်များကို စတင်ဖယ်ရှားခဲ့စဥ် စစ်အုပ်စုသည် အကောင့်သစ်များ ခပ်တည်တည် ထပ်မံဖန်တီးကာ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း၊ Justice For Myanmar ထပ်မံတိုင်ကြားခဲ့အပြီးတွင် Twitch သည် အခြားများပြားလှစွာသော စစ်အုပ်စု Livestreaming အကောင့်များအား ဆက်လက်ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

Apple ၏ သတင်းအက်ပ် အဆင့်သတ်မှတ်ချက်များအရ MRTV အက်ပ်သည် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် အဆင့် ၅၀ အတွင်းပင် ရောက်ရှိခဲ့ရာ အသုံးပြုသူ များပြားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် Google နှင့် Apple အက်ပ်စတိုးများ၌ အဆိုပါ MRTV အက်ပ်အချို့ကျန်ရှိသေးသော်လည်း၊ ၎င်းအက်ပ်၏ အဓိကလုပ်ဆောင်ချက်ဖြစ်သော တိုက်ရိုက်ထုတ်လွှင့်မှု (Live Streaming) ကိုမူ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article