35 C
Yangon

ဝက်လက်နှင့် စစ်ကိုင်း မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှားရောင်းရွာကို ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် ဝက်လက်မြို့နယ်၊ သစ်ဆိပ့်ရွာကို ကျောက်မြောင်း ခမရ ၁၂ တပ်ရင်းမှ အကြမ်းဖက် စစ်သားများကလည်း အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ ၁ ဦးနှင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက်မြို့နယ် အတွင်းရောက်ရှိနေပြီး တမာကန်ရွာထိပ်ရှိ ကားလမ်းပိုင်းတွင် ပြည်သူပိုင်ကားများကို ဖမ်းဆီး စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် စစ်ကိုင်းမြို့နယ်မှ စဉ့်ကိုင်တောင်ရွာ၊ တလိုင်းရွာ ၊ ဝက်လက်မြို့နယ်မှ စဉ့်ကိုင်မြောက်ရွာ ၊ တိုက်(တပ်သာ)အထက်ရွာ ၊ တိုက်(တပ်သာ)အောက်ရွာ ၊ ငါးရယ်ရွာ၊ တမာကန်ရွာ ၊ ငါးတိုက်တောင်ရွာ ၊မင်းကုန်းလေးရွာ နှင့် မတ္တရာမြို့နယ်အတွင်းမှ ရေလယ်ကျွန်းရွာ၊ မိုးကြိုးရွာ ၊ ရွာတန်းရှည်ရွာ ၊ သဲကျွန်းရွာ တို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဘက်ကနေ ထိုးလာတဲ့ စစ်ခွေး စစ်ကြောင်းကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာ အဲစစ်ခွေး စစ်ကြောင်းက ဒီဇင်ဘာ ၁၂ ရက်နေ့တည်းက မင်းကွန်း အထိုင်ကနေထွက်လာတာ အခုစစ်ခွေးစစ်ကြောင်းက ဝက်လက်မြို့နယ်ထဲကိုရောက်လာပြီး ပြည်သူပိုင် ကားတွေကို ဖမ်းဆီး စစ်ဆေးပြီး ငွေညှစ်တာ ကားထဲက ပစ္စည်းတွေကို သိမ်းဆည်းတာ ဖုန်းတွေကို သိမ်းဆည်းတာတွေ လုပ်နေတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိနေသော ဝက်လက်မြို့နယ် အရှေ့‌ခြမ်း အမှတ်-၃ ကားလမ်းပိုင်းပေါ်ရှိ တိုက် (တပ်သာ) အပေါ်ရွာအနီး ပြည်သူများ သွားလာခြင်းမပြုလုပ်ကြရန် သတိပေးနှိုးဆော်လိုကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်း စစ်တပ်က မီးရှို့နေသော ကျေးရွာတစ်ရွာနှင့် ကျေးရွာအတွင်း စစ်ကြောင်းဝင်လာ၍ ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article